စစ်တွေ မြို့နယ်တွင် ကျပ်သိန်း ၃၉,ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများကို သက်ဆိုင်ရာက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၁၀ နာရီခွဲ ခန့်တွင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာနေ ထွန်းဝင်း(ခ) သိန်းထွန်း ၄၄ နှစ်မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို မူးယစ်သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
အဆိုပါ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ရွှေဝါဆပ်ပြာဂျပ်ဖာ စက္ကူအထုပ် ၃၃ ထုပ်အတွင်း ဆပ်ပြာအတောင့်များဖြင့် ရောနှော၍ သိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ်အိတ်များ ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁,၃ဝဝ,ဝဝဝ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၉ဝဝဝ သိန်း)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ ထွန်းဝင်း(ခ)သိန်းထွန်း ၏ထွက်ဆိုချက်အရ ၎င်း၏ ဆိုင်ကယ်ပေါ်သို့ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကိုတင်ဆောင်ပေးသူမှာ စစ်တွေမြို့၊ မင်းဂံအကွက် (၈)နေ အောင်ချေ(ခ)အောင်အောင် ၂၄ နှစ် ဖြစ်ကြောင်းစစ်ဆေးသိခဲ့ရသည်။
ထို့ကြောင့် ပူးပေါင်းအဖွဲ့က ဆက်လက်ဖမ်းဆီးရာ ၎င်းကို ပုဏ္ဏားကျွန်း မြို့အဝင်လမ်း၊ သာယာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့သည်။
စစ်တွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှူဖွင့်အရေးယူထားသည်။

















