ပြင်သစ်ခရစ္စမတ်ဈေးအတွင်း ဝင်ရောက်ပစ်ခတ်မှု ကြောင့် သုံးဦးသေ၊၁၂ ဦး ဒဏ်ရာရ

ပြင်သစ်ခရစ္စမတ်ဈေးအတွင်း ဝင်ရောက်ပစ်ခတ်မှု ကြောင့် သုံးဦးသေ၊၁၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၁ ရက်တွင် ပြင်သစ်နိုင်ငံ စထရက်ဘိုးမြို့ရှိ ခရစ္စမတ်ဈေးတစ်ခုအတွင်း အကြမ်းဖက်သမားဖြစ်နိုင်ခြေရှိသူအဖြစ် စာရင်းသွင်းခံထားရသူတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

တိုက်ခိုက်သူသည် လုံခြုံရေးများအတွက်ထားရှိသော နေရာသို့ ဝင်ရောက်ပြီး ယင်းနေရာမှတစ်ဆင့် လူများကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ရိုလန်ရီးစ်က ပြောဆိုခဲ့သည်။ 
ပြင်သစ်တွင် အကြီးဆုံးဖြစ်သော အဆိုပါဈေးကို ခရစ္စမတ်ကာလအတွက် မြို့ရှိ ဘုရားကျောင်းနားပတ်ပတ်လည်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 
ပစ်ခတ်ရသည့် အကြောင်းအရင်းကို အာဏာပိုင်များက ပြောဆိုခြင်းမပြုခဲ့သော်လည်း ဥပဒေအရာရှိများကမူ အကြမ်းဖက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ စထရက်ဘိုး၌ ဥရောပလွှတ်တော်ရှိနေသည်။
    သံသယရှိသူသည် ပြင်သစ်နှင့် ဂျာမနီတို့တွင် အကြမ်းဖက်မှုနှင့်မဆက်စပ်သော ပြစ်မှုများကိုကျူးလွန်ခဲ့ပြီး ထောင်ဒဏ်လည်း ကျခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတို ကက်စ်တာနာကပြောဆိုခဲ့သည်။ 
ပစ်ခတ်မှုမဖြစ်မီ နာရီအနည်းငယ်အလိုတွင် ပြင်သစ်ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် သံသယရှိသူနေအိမ်သို့ သွားရောက်ခဲ့သော်လည်း ၎င်းကိုမတွေ့ရှိခဲ့ဘဲ ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုသာ တွေ့ရှိခဲ့ကြောင်း ကက်စ်တာနာကပြောဆိုခဲ့သည်။
    မကြာသေးမီနှစ်များအတွင်း ဥရောပရှိ လူသေဆုံးမှုများသော အကြမ်းဖက်မှုများအနက် အများစုသည် ပြင်သစ်၌ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက် ပစ်ခတ်မှုကြောင့် ပြင်သစ်အာဏာပိုင်များသည် အကြမ်းဖက်အန္တရာယ်အဆင့်ကို မြှင့်တင်ခဲ့ပြီး စထရက်ဘိုးသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။
    ပါရီမြို့အရှေ့ဘက် ကီလိုမီတာ ၅၀ဝ ( မိုင် ၃၁၀ ) အကွာရှိ စထရက်ဘိုးသည် ဂျာမနီနယ်စပ်နားတွင်ရှိပြီး ခရစ္စမတ်မြို့တော်အဖြစ် သတ်မှတ်ခံထားရသည်။ ယခုပစ်ခတ်မှုကျူးလွန်ခဲ့သူအား ရဲတပ်ဖွဲ့ဝင် ၃၅၀၊ ရဟတ်ယာဉ်နှစ်စင်းတို့ဖြင့် ရှာဖွေလျက်ရှိသည်။