တရုတ်-အမေရိကန် ဆက်ဆံရေး မထိခိုက်စေရန် ဟွာဝေး အမှုဆောင်အရာရှိ ဖမ်းဆီးခံရမှုတွင် ကြားဝင်နိုင်ခြေရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပြောဆို

တရုတ်-အမေရိကန် ဆက်ဆံရေး မထိခိုက်စေရန် ဟွာဝေး အမှုဆောင်အရာရှိ ဖမ်းဆီးခံရမှုတွင် ကြားဝင်နိုင်ခြေရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပြောဆို

ဟွာဝေး ဒုဥက္ကဋ္ဌ မန် ဝမ်ကျိုး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် စပ်လျဉ်းပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ပိုဆိုးရွားမသွားစေရန်အတွက် မိမိအနေဖြင့် ကြားဝင်ရန် လိုအပ်ပါက ကြားဝင် ဆောင်ရွက်သွားရန် ချိန်ဆလျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိပေးပြောကြားလိုက်သည်။ 

“ဒီနိုင်ငံအတွက် ကောင်းမယ်ထင်ရင် ကျွန်တော် လုပ်ပါမယ်” ဟု သမ္မတ ထရမ့်က ပြောသည်။ 
    အမေရိကန် နိုင်ငံတော်လုံခြုံရေးအတွက် အကျိုးရှိမည်ဆိုလျှင်၊ သို့မဟုတ် တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိရန် အထောက်အကူဖြစ်မည်ဆိုလျှင် မစ္စ မန်နှင့် ပတ်သက်၍ အမေရိကန် တရားရေးဌာနက အမှုဖွင့်ထားခြင်းကို ကြားဝင် ကိုင်တွယ်ရန် ချိန်ဆလျက်ရှိသည်ဟု သမ္မတ ထရမ့်က ပြောသည်။ 
    ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်သော မစ္စ မန်သည် ဒီဇင်ဘာ ၁ ရက်က ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့တွင် လေယာဉ်ပြောင်းစီးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမေရိကန်အစိုးရကိုယ်စား ကနေဒါက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
မစ္စ မန်သည် အီရန်အပေါ် အမေရိကန် ချမှတ်ထားသော ဆန်ရှင်များကို ရှောင်ကာ အီရန်နှင့် ကုန်သွယ်ရန် ကြိုးပမ်းမှု သံသယဖြင့် အမေရိကန်အစိုးရက ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

မစ္စ မန်ကမူ အမှားအယွင်း ကျူးလွန်ခြင်းမရှိကြောင်းနှင့် ဥပဒေအရ တန်ပြန်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မစ္စ မန်ကို ဗန်ကူးပါး တရားရုံးက ကနေဒါဒေါ်လာ ၁၀ သန်းဖြင့် ဒီဇင်ဘာ ၁၁ရက်တွင် အာမခံပေးခဲ့သည်။ 
၁၀ သန်းအနက် ကနေဒါ ဒေါ်လာ ၇ သန်းကို ငွေသားဖြင့် ပေးချေရမည်ဖြစ်သည်။ ထို့ပြင် ၂၄ နာရီ စောင့်ကြည့်ခံရမည်ဖြစ်သလို၊ ခြေချင်းဝတ်တွင်လည်း တည်နေရာ အာရုံခံစက်ကို ဝတ်ဆင်ထားရမည်ဖြစ်သည်။

ည ၁၁ နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်မှ ထွက်ခွင့်ရမည်မဟုတ်သလို၊ ကနေဒါမှ မထွက်ခွာနိုင်စေရန် ပတ်စ်ပို့နှင့် ခရီးသွားလာခွင့် စာရွက်စာတမ်းများလည်း အာဏာပိုင်များထံ အပ်နှံထားရမည်ဖြစ်သည်။