အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ အမျိုးသားရေးဝါဒီပါတီသည် ၎င်းတို့အား အမာခံထောက်ခံသူများရှိရာ အဓိကပြည်နယ်သုံးခုတွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
အတိုက်အခံကွန်ဂရက်စ်ပါတီသည် ချဟတ္တိဂါ၊ ရာဇသန်နှင့် မဓယာပရာဒေ့ရှ်ပြည်နယ်များတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေသခံပါတီတစ်ခုက ထောက်ခံမည်ဖြစ်သောကြောင့် ကွန်ဂရက်စ်ပါတီသည် ပြည်နယ်သုံးခုကို အုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။
မိုဒီ၏ ဗရာတီယာဇနတပါတီ(ဘီဂျေပီ) ရွေးကောက်ပွဲတွင် အထိနာခဲ့မှုကြောင့် ရာဟုဂန္ဓီဦးဆောင်သော ကွန်ဂရက်စ်ပါတီသည် နိုင်ငံရေးအရ ပြန်လည်ဦးမော့လာခဲ့သည်။
ဝန်ကြီးချုပ် မိုဒီက အတိုက်အခံများ၏အောင်ပွဲအတွက် ဂုဏ်ပြုပါကြောင်းပြောဆိုခဲ့ပြီး ၎င်း၏ပါတီသည် ပြည်သူများ၏ဆုံးဖြတ်ချက်ကို ကျိုးနွံစွာဖြင့် လက်ခံပါကြောင်း ပြောဆိုခဲ့သည်။
နိုင်ငံအလယ်ပိုင်းရှိ ချဟတ္တိဂါနှင့် မဓယာပရာဒေ့ရှ်ပြည်နယ်များသည် အာဏာရပါတီကို ထောက်ခံသူအများစုရှိသော ပြည်နယ်များဖြစ်သည်။
၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ဘီဂျေပီနှင့် မဟာမိတ်များသည် အဆိုပါပြည်နယ်သုံးခုပါဝင်သော ဟိန္ဒူစကားပြောဒေသကြီးရှိ အမတ်နေရာ ၂၂၅ ခုအနက် ၂၀၃ ခုကိုရရှိခဲ့သည်။
၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်ကြီးသုံးခု၌ ဘီဂျေပီသည် အမတ်နေရာ ၆၅ ခုအနက် ၆၂ ခုကိုရရှိခဲ့သည်။
အိန္ဒိယ၌ အထွေထွေရွေးကောက်ပွဲများကို ဧပြီတွင် ကျင်းပမည်ဖြစ်သည်။

















