စင်ကာပူတွင် တစ်ဒေါ်လာလာဘ်ငွေယူမှုဖြင့် အရေးယူခံရ

စင်ကာပူတွင် တစ်ဒေါ်လာလာဘ်ငွေယူမှုဖြင့် အရေးယူခံရ

စင်ကာပူနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသောတရုတ် ရွှေ့ပြောင်းလုပ်သား နှစ်ဦးသည် ကုန်တင်ကားဒရိုင်ဘာများထံမှ စင်ကာပူတစ်ဒေါ်လာလာဘ်ငွေယူမှုဖြင့် အမှုဖွင့် အရေးယူခံထားရကာ ထောင်ဒဏ်ကျခံရနိုင်ခြေရှိနေသည်။ 

ထိုနှစ်ဦးသည် ကုန်တင်ကုန်ချ ဝန်ချီစက်မောင်းဒရိုင်ဘာများဖြစ်ကာ ကုန်တင်ကားသမားများထံမှ တစ်ကြိမ်လျှင် တစ်ဒေါ်လာနှုန်းဖြင့် လာဘ်ယူကာလာဘ်ပေးသောကားများပေါ်မှ ပစ္စည်းများကိုအရင် ချပေးပြီး လာဘ်မပေးသူများကို နောက်ချန်ထားခြင်းဖြစ်သည်။

အပြစ်ရှိကြောင်းထင်ရှားပါက အသက် ၄၇ နှစ်အရွယ် ချန် ကျီလန်နှင့် အသက်  ၄၃ နှစ်အရွယ် ကျို ယူကန်တို့သည် ထောင်ဒဏ် ငါးနှစ်နှင့် ငွေဒဏ် စင်ကာပူဒေါ်လာတစ်သိန်းထိ ပေးဆောင်ရမည်ဖြစ်သည်။ 
    စင်ကာပူသည် ကမ္ဘာပေါ်တွင် လာဘ်ပေးလာဘ်ယူမှု အကင်းရှင်းဆုံးနိုင်ငံအဖြစ်လည်း နာမည်ကောင်းထွက်လျက်ရှိသည်။

ဝန်ချီစက် ဒရိုင်ဘာနှစ်ဦးသည်ကော်အန့် ကွန်သေတ္တာဆိပ်ကမ်းတွင် အလုပ်လုပ်စဉ် ကျူးလွန်ကြခြင်းဖြစ်သည်။ 
လုပ်သားတိုင်း မျှတစွာအလုပ်လုပ်ကြရမည်ဖြစ်ကြောင်း စင်ကာပူအကျင့်ပျက်ခြစားမှု စုံစမ်းဖော်ထုတ်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားသည်။ 
    “တစ်ဒေါ်လာပဲဖြစ်ပါစေ၊ လာဘ်စားတာဟာလာဘ်စားတာပါပဲ။ ဘယ်လောက်ပဲ လာဘ်စားစား နည်းနည်းမှ သည်းခံမှာမဟုတ်ပါဘူး” ဟု စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကပြောသည်။ 
    စင်ကာပူသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှု အကင်းစင်ဆုံး နိုင်ငံများထဲတွင် နှစ်စဉ် ပါဝင်လျက်ရှိသောနိုင်ငံဖြစ်သည်။ 
၂၀၁၇ ခုနှစ် နိုင်ငံတကာပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင်လည်းစင်ကာပူသည် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်ကိုတွေ့ရသည်။