မုံရွာမြို့နယ်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲထံမှ လက်ကိုင်ဖုန်းနှင့်ငွေများလုယူခဲ့သူ မျက်နှာဖုံးတပ်လူငယ်ခုနစ်ဦးကို သက်ဆိုင်ရာက ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးအရေးယူခဲ့သည်။
ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့ ရုံးကြီးရပ်ကွက်နေ ကို----သည် ရည်းစားဖြစ်သူ ၊ ၄င်း၏ သူငယ်ချင်းဖြစ်သူတို့ နှင့်အတူ အိုးဘိုတောင်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ငုရွှေဝါလမ်းထိပ်သို့ SCOOPYI ဆိုင်ကယ်ဖြင့် သုံးဦးအတူစီးနင်းခဲ့သည်။
ထိုသို့စီးနင်းလာခဲ့ပြီးနောက် ကို----နှင့် ၎င်း၏ရည်းစားဖြစ်သူတို့သည် တမာပင်အောက် စကားပြောနေစဉ် ရည်းစားဖြစ်သူ၏ သူငယ်ချင်းအမျိုးသမီးမှာ မလှမ်းမကမ်းတွင် ဆိုင်ကယ်နှင့်အတူ ရှိနေခဲ့သည်။
ည ၉ နာရီခန့်တွင် မျက်နှာဖုံးများ တပ်ဆင်ထားသည့် အမျိုးသားခုနစ်ဦး ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိ လာပြီး ကို-----နှင့် ရည်းစားဖြစ်သူထံမှ ဖုန်းသုံးလုံးနှင့် ငွေ ၄၅၀ဝ ကို လုယူထွက်ပြေးမောင်းနှင်သွားသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နေစဉ် ဒီဇင်ဘာ ၁၁ ရက်နေ့ သန်းခေါင်းကျော် ၁၂ နာရီ ၅ မိနစ်ခန့်တွင် မုံရွာမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်း ဦးစီးသည့် လှည့်ကင်းအဖွဲ့က မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကန်ပတ်လမ်းတွင် လူငယ်ခုနစ်ဦးခန့် စကားများရန်ဖြစ်နေကြောင်း သတင်းအရ သွားရောက်ထိန်းသိမ်းခဲ့သည်။
အဆိုပါ စကားများရန်ဖြစ်နေသည့် လူငယ်များမှာ မုံရွာမြို့နေ စည်သူစိုး(ခ)စည်သူကျော်(ခ)စည်သူ ၁၇နှစ်၊ အောင်မျိုးမင်း(ခ)ပါးဖောင်း ၁၆နှစ်၊ ကျော်ကျော်တိုး(ခ)တိုးတိုး ၁၆နှစ်၊ မင်းချစ်ဇော်(ခ)ကိုကိုချစ် ၁၇နှစ်၊ ပြည့်ဖြိုးမောင်(ခ)ဒွေးပေါက်စ ၁၈နှစ်၊ ခိုင်ဇော်ထွန်း ၁၆နှစ်နှင့် ကောင်းခန့်ဟိန်း ၁၃နှစ်တို့ဖြစ်သည်။
၎င်းတို့ကို စစ်ဆေးခဲ့ရာ မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ အမှုကို ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
အဆိုပါပေါ်ပေါက်မှုနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် MSX ဆိုင်ကယ်တစ်စီး၊ CZI ဆိုင်ကယ်တစ်စီး၊ ရုပ်ဆိုး 125 ဆိုင်ကယ်တစ်စီး တို့ကို တိုင်ကြားသူများ၏ ထွက်ဆိုချက်များအရ သိမ်းဆည်းခဲ့သည်။
၄င်းတို့ ခုနစ်ဦး ပြစ်မှုကျူးလွန်စဉ် ယူဆောင်သွားခဲ့သော ပစ္စည်းများအနက် SAMSAUNG J 2 ဖုန်းတစ်လုံး၊ MI NOTE 5 ဖုန်းတစ်လုံးနှင့် ဆင်းကတ်တစ်ခုတို့ကို သိမ်းဆည်းရမိပြီး ကျန်သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေးအတွက် သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိသည်။

















