ရှမ်းပြည်နယ် တောင်ပိုင်း သီပေါမြို့နယ်ရှိ နားမခေါ်ကျေးရွာ၊မန်ဆန်ကျေးရွာနှင့် မန်ဆန်ကြီးကျေးရွာများတွင် စစ်ဘေးရှောင်နေသူဦးရေ တစ်ထောင်ကျော်ရှိနေပြီး ၎င်းတို့အနက် မန်ဆန်ကျေးရွာအုပ်စုထဲမှ ရွာဖြစ်သည့် မန်မိုင်းရွာအပါအဝင် ကျေးရွာသုံးရွာမှ ကျောင်းသားကျောင်းသူများသည် စာသင်ကြားရန် အခက်အခဲဖြစ်နေကြောင်း မန်ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
သီပေါမြို့နယ် မန်ဆန်ကြီးကျေးရွာအုပ်စု မန်မိုင်းကျေးရွာအနောက်ဘက်နှင့် မနားရွာအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA- TNLA တအာင်းအမျိူးသားလွတ်မြောက်ရေး ပူးပေါင်းအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSS/SSA တို့တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်။
''ကျွန်တော့်အုပ်စုအပိုင် ရွာတွေထဲက ကျောင်းသား အယောက် ၅၀ လောက်က စစ်ဘေးရှောင်နေကြတော့ ကျောင်းတွေပိတ်ထားခဲ့ရတယ်။ ဆရာမ တွေပါစစ်ဘေးရှောင်နေရတဲ့ အခါကြတော့ စာသင်ဖို့အဆင်မပြေကြဘူး။ဒါကြောင့် ကျွန်တော်တို့ရွာကျောင်းမှာပဲ ပေါင်းပြီး သင်ပေးဖို့သူ့ကျောင်းကဆရာတွေကိုပါ ဒီရွာမှာပဲနေပြီး သင်ပေးဖို့ ကူညီပေးထားတယ်'' ဟု မန်ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရင်က ပြောသည်။
''သူတို့ စစ်ဘေးရှောင်နေရတာ ၁၀ ရက်ရှိပြီဗျ။ ကလေးတွေက နောက်အပတ်ထဲမှာ စာမေးပွဲရှိတယ်။ ဒါကြောင့် ကျောင်းပိတ်ထားလို့ကလည်းမရတော့ဘူး။ နှစ်ဝက်ကျိူးနေပြီ။ ကလေးတွေ တစ်နှစ်အောက်သွားလို့မဖြစ်ဘူး”ဟု ဦးခင်မောင်ရင်က ပြောသည်။
ကလေးများနှင့် ဆရာ၊ ဆရာမများအတွက် စားစရာသီးသန့်စီစဉ်ပေးထားကြောင်းနှင့်စာသင်ရန်ခက်ခဲနေပြီး ကျောင်းသားများထဲတွင် သူငယ်တန်း KG အတန်းမှစကာ ၆ တန်းအထိပါဝင်နေသည်။
















