မြစ်ကြီးနားမြို့ မနောကွင်းတွင် တည်ဆောက်ထားသည့် မြန်မာ့စပါးကြီးမြွေအောင်လအန်ဆန်၏ ကြေးရုပ်တု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၅၀၀ ဝန်းကျင်ကုန်ကျခဲ့ပြီး ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေလွမ်းက ထုတ်ဖော်ပြောဆိုသည်။
ကုန်ကျခဲ့
ဝမ်းချန်ပီယံရှစ်မှ စီစဉ်ကျင်းပသည့် MMA ပြိုင်ပွဲ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ အောင်လအန်ဆန်သည် အဆိုပါ ရုပ်တုဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် ဒီဇင်ဘာ ၉ရက်ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ဒီဇင်ဘာ ၁၄ရက်တွင် ရန်ကုန်မြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
" အောင်လအန်ဆန်ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်မှာလုပ်ဖို့ စီစဉ်ပြီးသွားပါပြီ။ ရုပ်တုကုန်ကစရိတ်ကို အရင်က ကျပ်သိန်း၄ဝဝလောက်သာ ကျမယ်လို့ခန့်မှန်းခဲ့ပေမယ့် ရုပ်တုအတွက် ကျပ်သိန်း၂၄ဝနဲ့ ဖောင်ဒေးရှင်းအတွက် ကျပ်၂၆၅ သိန်းလောက် ကုန်ကျခဲ့ပါတယ်" ဟု ဦးဇေလွမ်းက ပြောဆိုခဲ့သည်။
ရည်ရွယ်ချက်
မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်၏ ကြေးရုပ်တုကို တည်ဆောက်ရခြင်းရည်ရွယ်ချက်မှာ ၎င်းကိုလူငယ်များအတုယူစေနိုင်ရန်အတွက် မနောကွင်း၌ ဂုဏ်ပြုရုပ်တုကို ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်တု၏ အမြင့်ပေမှာ ၉ပေရှိပြီး ဖောင်ဒေးရှင်အမြင့်မှာ ရပေရှိသည်။
ဖိတ်ကြားထား
ထို့ပြင် အောင်လအန်ဆန်၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် မြစ်ကြီးနားမြို့မှ ကလေး ၃ဝဝဝခန့်ကို အကြိုအပို့ယာဉ်များဖြင့် ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း သိရပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် အစိုးရပိုင်းတာဝန်ရှိအကြီးအကဲများကိုလည်း ဖိတ်ကြားထားကြောင်း ဦးဇေလွမ်းက ပြောဆိုသည်။
အောင်လအန်ဆန်၏ ရုပ်တုတည်ရှိရာ မနောကွင်းအနီးတွင် ကိုယ်ကာယ လေ့ကျင့်ရေးစင်တာ တစ်ခုကို အောင်လအန်ဆန်က တည်ဆောက်ရန်လည်း စီစဉ်လျက်ရှိသည်။















