မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အင်းကုန်းကျေးရွာအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့် အသတ်ခံရမှုမှ တရားခံကို သက်ဆိုင်ရာက ယနေ့ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အောင်လံမြို့နယ် အင်းကုန်းကျေးရွာအနီး ပြည် - အောင်လံ ကားလမ်းမ အရှေ့ဘက် ယာခင်းအစပ်တွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသတင်းအရ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးညွန့်ဦးနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ရွှေပန်းတောတိုက်နယ် စွယ်တုံးရွာနေ ဟန်ပု(၄၀ နှစ်)ဖြစ်သည်။ သက်ဆိုင်ရာက အလောင်းကို အောင်လံဆေးရုံသို့ပို့အပ်ခဲ့ပြီး အောင်လံမြို့မရဲစခန်းက (ပ) ၁၁၅၄/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ အောင်လံမြို့မရဲစခန်းမှူးနှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ် ရဲနိုင်မြင့်နှင့်အဖွဲ့က စုံစမ်းခဲ့သည်။
ထိုသို့ စုံစမ်းခဲ့ရာ အခင်းဖြစ်အရပ်အနီးတွင် ကျန်ရှိနေခဲ့သည့် တယ်လီဖုန်းမှတစ်ဆင့် လူသတ်မှုကျူးလွန်ခဲ့သူ သရက်မြို့နေ သဲစိုးဦးကို ယနေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးရန် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျက်ရှိသည်။

















