ငွေစက္ကူအတုများနှင့်ပတ်သက်၍ ပြည်သူတို့၏ စကားသံများ

ငွေစက္ကူအတုများနှင့်ပတ်သက်၍ ပြည်သူတို့၏ စကားသံများ

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းက စင်ကာပူနိုင်ငံတွင် အလုပ်သွားလုပ်ပြီး ပြန်လာသော ဒိုက်ဦးမြို့နယ်က အမျိုးသမီးတစ်ဦးသည် လုပ်အားခအဖြစ် ရရှိခဲ့သောငွေများတွင်ပါဝင်လာသည့် ၁၀,ဝ၀ဝတန် ငွေစက္ကူတုများကြောင့် ဖမ်းဆီးခံရသည့်သတင်းမှာ လူမှုကွန်ရက်ပေါ်တွင် လူအများ အာရုံစိုက်မိသည့် သတင်းတစ်ခုဖြစ်ခဲ့သည်။ ငွေစက္ကူတုများနှင့်ပတ်သက်၍  ပြည်သူလူထု၏ စိုးရိမ်မှု၊ အကြုံပြုလိုသည့်အချက်များကို မြန်မာတိုင်း(မ်)မှ သတင်းထောက် တိုးဝေအောင်က စုစည်းထားသည်။

ဦးရန်အောင်

အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊  မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေစက္ကူအတုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ တိတိကျကျစုံစမ်းဖော်ထုတ်သင့်တယ်။ ပြည်သူတွေကတော့ ငွေအတု၊ အစစ်ဆိုတာ ခွဲခြားတတ်မှာ မဟုတ်ဘူး။ ကိုင်မိမယ်၊ သုံးမိမယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးစွဲသူပြည်သူတွေ အဖမ်းခံရတယ်။ ငွေစက္ကူအတုထုတ်လုပ်တဲ့ဇာစ်မြစ်ကို ဖော်ထုတ်ဖို့လိုတယ်။ ဟိုရက်ပိုင်းက နယ်မှာငွေစက္ကူဖမ်းဆီးတဲ့အမှုဆိုရင် ငွေလဲဌာနက ငွေလဲလှယ်ခဲ့တာလို့ အခိုင်အမာသိရတယ်။ အဲဒီသူ အဖမ်းခံရတယ်။ ကျွန်တော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်တွေ အမှန်တရားကို ကူညီစုံစမ်းဖော်ထုတ်ဖို့အတွက် သွားရောက်ကူညီနေတာတွေ့ရတယ်။ လူတွေရဲ့ စိတ်ထဲမှာ ဒီငွေစက္ကူတွေ ကိုင်ထားရမှာ မဝံ့မရဲဖြစ်လာကြတယ်။

ဒေါ်နီနီဝင်းထိုက်

ကုမ္ပဏီဝန်ထမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

အဲဒီငွေစက္ကူအတုတွေက ပြည်သူတွေလက်ထဲကို မကြာခဏရောက်နေတယ်။ ဘာကြောင့်ငွေစက္ကူ အတုတွေ ပြည်သူတွေကြားမှာ ပျံ့နေလဲဆိုတာ စဉ်းစားလို့ မရဘူး။ တာဝန်ရှိသူတွေအပိုင်းက စစ်ဆေးဖော်ထုတ်တာတွေ လုပ်သင့်တယ်။ ကိုယ်လက်ထဲကို ငွေ ၁၀,ဝ၀ဝ တန်ရောက်လာပြီဆိုရင် ၁,ဝ၀ဝ တန်၊ ၅,ဝ၀ဝ တန်နဲ့ အစားထိုးပြီး လဲလှယ်လိုက်တယ်။ ပိုပြီး အသုံးဝင်မယ့် ငွေကြေးပုံစံ ပြောင်းလိုက်တယ်။ ဈေးသည်တွေဆိုရင် ပိုဆိုးတယ်။ ဈေးဝယ်လို့ ၁၀,ဝ၀ဝ တန်ပေးရင် အကြွေမရှိလို့ဆိုပြီး အကြောင်းပြချက်နဲ့ ငြင်းပယ်တာတွေရှိတယ်။ ဘဏ်တွေကို ငွေသွားအပ်ရင်တောင် ပိုက်ဆံကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်ထောင်ပြီး စစ်ဆေးယူနေတာ။ ကိုယ်တွေကတော့ အဲဒီလို စစ်ရကောင်းမှန်းမသိဘူး။ တာဝန်ရှိသူတွေ သေချာအောင် ဆောင်ရွက်သင့်ပါတယ်။

ဦးအောင်ထွန်းဦး

ကုမ္ပဏီဝန်ထမ်း၊ တာမွေမြို့နယ်။

မသိနားမလည်တဲ့သူတွေလက်ထဲ ငွေစက္ကူအတုတွေ ရောက်လို့ ဖမ်းဆီးခံရတာဆိုရင်တော့ တရားမျှတမှု မရှိဘူးလို့မြင်တယ်။ ဘဏ်မှာတစ်ရွက်နှစ်ရွက်မိလို့ ဖျက်ဆီးခံနေရတာတွေကလည်း ကိုယ့်လုပ်အားနဲ့ ရှာထားရတာဖြစ်လို့ ပိုင်ရှင်ဘက်က နစ်နာပါတယ်။ ငွေစက္ကူအတုနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြန်လည်ညှိနှိုင်းဖို့ လိုအပ်မှာဖြစ်သလို ငွေစက္ကူအတုထုတ်လုပ်သူတွေကို စစ်ဆင်ရေးတွေ အရေးပေါ်ပြုလုပ် ဖမ်းဆီးသင့်တယ်။ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်သင့်တယ်။ အဲဒါတွေမလုပ်နိုင်ရင် အစိုးရရဲ့ပုံရိပ်လည်း ကျဆင်းနိုင်တယ်လို့ မြင်တယ်။

ဦးခင်စန်း

ကုန်စည်လုပ်ငန်းရှင်၊ လသာမြို့နယ်။

တော်တော်လေး ရေပန်းစားနေတယ်။ တစ်ဖက်ကလည်း နည်းပညာထွန်းကားလာတဲ့အတွက်ကြောင့် ပိုက်ဆံအတုအစစ် အလွယ်တကူခွဲလို့မရအောင် တူညီနေတယ်။ ၁၀,ဝ၀ဝ တန်ပဲကြည့် ပုံစံနှစ်မျိုးဖြစ်နေတယ်။ ပိုက်ဆံအတုလုပ်တဲ့သူတွေ (ရင်းမြစ်) ကို တာဝန်ရှိသူတွေ ဖော်ထုတ်ဖို့ပဲလိုတယ်။ အဲဒီလိုမှ မဖော်ထုတ်ရင် ပြည်သူတွေပဲ ခံစားနေရမယ်။ ပြည်ပမှာ မြန်မာငွေအတုတွေ ထုတ်နေတယ်ဆိုရင် နိုင်ငံတကာရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး ဖော်ထုတ်လို့ရနိုင်တယ်။ ညပိုင်းမှောင်မှောင်မည်းမည်းထဲ ၁၀çဝ၀ဝ အတုနဲ့ ဈေးဝယ်ရင် ဒီအကျိုးအမြတ်ကို ဈေးသည်ပဲခံစားရမယ်။ သူ့အရင်းထဲကပဲ ပါသွားတယ်။ အတုလုပ်တဲ့သူတွေ ဘာကြောင့် မမိသေးသလဲဆိုတာ တာဝန်ရှိသူတွေ ဆောင်ရွက်မှုအားနည်းတယ်လို့ ပြောရမယ်။

ဦးသောင်းငွေ

အစိုးရဝန်ထမ်း

ငွေအတုတွေ လည်ပတ်နေရင်တော့ ငွေအစစ် ခိုင်မာမှုပျက်ပြားတာပေါ့။ သာမန်လူတွေ မသိနိုင်တဲ့အတုတွေလို့ ဆိုတာတွေလည်းရှိတော့ မြန်မာကျပ်ငွေရဲ့ ခိုင်မာမှုလျော့နည်းမှာပါ။ ငွေအတုတွေ ဖမ်းဆီးမိနိုင်ဖို့ တရားဥပဒေစိုးမိုးမှု လိုအပ်ပါတယ်။ ကျပ်ငွေစက္ကူရဲ့ လုံခြုံရေးစနစ်များလည်း တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ ၅,ဝ၀ဝ တန်များဟာ အတန်ဟောင်းလာပြီဆိုရင် ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ အတုနဲ့အစစ်ခွဲဖို့ တအားခက်သွားပါတယ်။ ငွေစက္ကူတု များလာရင်တော့ တိုင်းပြည်တစ်ပြည်လုံး ထိခိုက်မှာပါ။ အများထိတာကတော့ အခြေခံလူတန်းစားတွေပေါ့။ အခုဆို နွားရောင်းရင်တောင် မင်းပေးတဲ့ ငွေ ၁၀,ဝ၀ဝ တန်ပေးရင် ငါ့နွားမရောင်းဘူးဆိုတဲ့ စကားပြောလာကြပါပြီ။

ကိုဇော်ဝင်း

ဝါရှင်တန်ဒီစီ၊ အမေရိကန်နိုင်ငံ။

အခုငွေစက္ကူအတုကိစ္စက လက်လုပ်လက်စားအထိခိုက်ဆုံးပဲ။ တမင်တကာ လူထုအစိုးရကို အကျပ်တွေ့အောင် ဖန်တီးနေတယ်ပဲမြင်တယ်။ လက်ရှိအစိုးရအဖွဲ့ကို ကပျက်ယဖျက် လုပ်နေတယ်မြင်တယ်။ အခုဟာက အတုလုပ်သူမဖမ်းမိဘူး။ ပြီးတော့ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်သင့်တယ်။

ဦးညီညီ

အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး။

ကျပ် ၁၀,ဝ၀ဝ တန်ပေးရင်တောင် ပြည်သူတွေအကြားမှာ ယုံကြည်မှု သိပ်မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ ငွေကြေးခိုင်မာမှု ကျဆင်းတယ်။ ဒီကိစ္စကို အသိပညာပေးဖို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက ပညာပေးမှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ အဖမ်းခံရတဲ့ အမျိုးသမီးငယ်ကို ဥပဒေကြောင်းအရ ပြန်လည် သုံးသပ်ဖို့သင့်တယ်။  ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူတွေ နစ်နာမှုမရှိအောင် တာဝန်ရှိအဖွဲ့အစည်းတွေက အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ဖို့ လိုတယ်။ လက်ရှိဆောင်ရွက်နေပြီဆိုရင် ကောင်းပါတယ်။ ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ပြည်သူလူထုအတွက်  နစ်နာမှုတွေရှိနိုင်တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး