(ယခင်တစ်ပတ်မှအဆက်)
ဤသို့ သရုပ်ပြလေ့ကျင့်ပြီး နာရီဝက်လောက်ကြာသောအခါ သပိတ်ခေါင်းဆောင်ဖြစ်သူ မော်တော်ကားအသင်းအတွင်းရေးမှူးရောက်လာပြီး ၎င်းတို့၏ သပိတ်စခန်းကိုရုပ်သိမ်းပြီးကြောင်း သတင်းပို့သည်။ ထိုအခါ အဓိကရုဏ်းနှိမ်နင်းရေးတွင် လုံးဝအတွေ့အကြုံမရှိသေးသော မိမိအနေဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆိုသည်မှာ သပိတ်သမားများနှင့် သပိတ်တွင်ပါဝင်လာနိုင်သူများကို ခြိမ်းခြောက်သည့် ပရိယာယ်တစ်မျိုးဖြစ်ကြောင်း နားလည်လိုက်ပါသည်။
စီစဉ်လုပ်ကိုင်ပုံစနစ်ကျသော ဒု-တပ်ရင်းမှူးကိုလည်း စိတ်ထဲက လေးစားချီးကျူးမိသည်။ သူသည် တပ်မတော်က ပြုလုပ်သော အဓိကရုဏ်းနှိမ်နင်းရေးသင်တန်းသို့ တက်ရောက်ဖူးသူ ဖြစ်မည်ထင်သည်။ မိမိအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရုန်းရင်းဆန်ခတ်လက်စွဲနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း(၉)ပါ တရားမဝင်သောလူစုလူဝေးများအား ဖြိုခွဲခြင်းဆိုင်ရာ ပြြာန်းချက်များကိုယခုမှပင် သေချာစွာ ဖတ်ရှုဖြစ်တော့သည်။
ထိုနေ့နံနက် ၁ဝ နာရီလောက်တွင် သပိတ်ကိစ္စဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တာဝန်ပေးလိုက်သော ခလက ဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် လမ်းစဉ်ပါတီတိုင်းခွဲ အတွင်းရေးမှူးဗိုလ်မှူး--xx ပါရောက်ရှိလာသဖြင့် အသစ်ဆောက်ပြီးမြို့ခန်းမတွင် ကားကြီးအသင်းနှင့် ကားလေးအသင်းကတာဝန်ရှိသူများနှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို ဖိတ်ကြားပြီး ဆွေးနွေးညှိနှိုင်းကြသည်။ ခလကဥက္ကဌနှင့် နှစ်ဖက်ကားအသင်းများက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် နလကအဖွဲ့က ချမှတ်ပေးထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် လက်တွေ့ဆောင်ရွက်ရာ၌ တွေ့ရှိရသောအခက်အခဲများနှင့် ပြဿနာများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် ပြောကြားပြီးနောက် ပါတီတိုင်းခွဲ အတွင်းရေးမှူးက မိန့်ခွန်းပြောကြားသည်။
တိုင်းခွဲအတွင်းရေးမှူးသည် လမ်းစဉ်ပါတီ၏ အလုပ်သမားများ၏ အခွင့်အရေးကာကွယ်ခြင်းဆိုင်ရာ မူဝါဒသဘောတရားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများအကြောင်း ရှင်းလင်းပြောပြပြီး အလုပ်သမားများ၏ နစ်နာမှုများကို ဆွေးနွေးတင်ပြရန် ဖိတ်ခေါ်ရာ ကားအသင်း၏ အတွင်းရေးမှူးဖြစ်သူ အလုပ်သမားခေါင်းဆောင်က ၎င်းတို့ဘက်ကို ပါတီက ထောက်ခံသဖြင့် စိတ်အားတက်ကြွလာပုံဖြင့် နလကက ကားလေးအသင်းကို ခရီးသည်တင်ခွင့်ပြု၍ ပြေးဆွဲခွင့်ပြုခြင်းကြောင့် ၎င်းတို့အနေဖြင့် ဝင်ငွေလျော့ကျပြီး နစ်နာမှုရှိကြောင်း နလက၏လုပ်ဆောင်မှုများမှာ တရားမျှတမှုမရှိကြောင်း၊ အလုပ်သမားများအား ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ ကားလေးအသင်းပြေးဆွဲခွင့်ကို လုံးဝပိတ်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုအခါ ပရိသတ်ရှေ့တွင် ထိုင်နေကြသော ခလကအဖွဲ့ဝင်များကို မိမိက ''လမ်းစဉ်ပါတီတိုင်းခွဲ အတွင်းရေးမှူး၏ပြောကြားချက်မှာ နလက၏ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်နေပြီး ပြဿနာကိုဖြေရှင်းရာမကျဘဲပြဿနာကို ပြန်လည်၍ အစဖော်ပေးသလိုဖြစ်နေကြောင်း၊ နလက က ဤကိစ္စကို ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုမီ ခလကနှင့် တလကတို့ထံတင်ပြ၍အတည်ပြုချက်ရယူပြီးမှ ဆောင်ရွက်ခဲ့သောကိစ္စဖြစ်ကြောင်း တင်ပြရာ ခလကအဖွဲ့ဝင်များကလည်း တိုင်းခွဲအတွင်းရေးမှူး၏ ပြောကြားချက်များမှာ တလက (တိုင်းမှူး) ၏ လမ်းညွှန်ချက်နှင့် ဆန့်ကျင်နေသည်ကိုဆွေးနွေးကြသည်။ ထိုအခါ ကားကြီးအသင်း အတွင်းရေးမှူးနှင့် တိုင်းခွဲအတွင်းရေးမှူးတို့၏ အပြန်အလှန် ဆွေးနွေးနေခြင်းများကို ပရိသတ်က စိတ်ပါဝင်စားခြင်း မရှိတော့ဘဲ ခလကနှင့် နလကအဖွဲ့ဝင်များဝိုင်းဖွဲ့၍ ဆွေးနွေးနေသည်ကိုသာ အာရုံစိုက်လျက်ရှိကြသည်။ တိုင်းခွဲအတွင်းရေးမှူးလည်း သတိပြုမိပြီး ၎င်း၏ ဆွေးနွေးမှုများကို ရပ်ဆိုင်း၍ ခလကနှင့် နလကအဖွဲ့ဝင်များ၏ စကားဝိုင်းသို့ဝင်ထိုင်ပြီး ''လုပ်ကြပါဦးဗျ၊ ကျွန်တော်လည်း ဒီကိစ္စကို သိပ်သိတာမဟုတ်ဘူး။ တိုင်းမှူးက ဘယ်လိုလမ်းညွှန်ထားလဲဗျ၊ ကျွန်တော့်ကိုလည်း ပြောပြကြပါဦး'' ဟုပြောသည်။ ထိုအချိန်တွင် ဆွေးနွေးပွဲမှာလည်းရပ်တန့်သလိုဖြစ်သွားပြီး လူကြီးများအချင်းချင်း ဆွေးနွေးနေကြသည်ကိုသာ အာရုံစိုက်နေကြပါသည်။ သို့သော် လူကြီးများ အချင်းချင်း ခေါင်းချင်းဆိုင်၍ အချင်းချင်းကြားလောက်ရုံသာ ပြောကြားနေခြင်း ဖြစ်သောကြောင့် ပရိသတ်မှာ သဲကွဲစွာ ကြားနာနိုင်မည်မဟုတ်ပေ။
မော်တော်ယာဉ်အလုပ်သမားများက သပိတ်မှောက်ခြင်းမှာ ခေတ်ဟောင်းကအတွေးအခေါ်ဖြစ်ကြောင်း၊ အများပြည်သူ ခရီးသည်များ သွားလာမှုအဆင်ပြေရေးကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း . . .
ထိုအချိန်က ခလကဥက္ကဌမှာအထက်တစ်နေရာတွင်ဖော်ပြခဲ့သော ပျဉ်းမနား၊ လယ်ဝေး ဖဆပလအမတ်ကို ပါးရိုက်ခဲ့သူ၊ အင်းစိန်ခရိုင်တွင် လူသတ်၊ ပြန်ပေးဆွဲ၊ဓားပြများကို သုတ်သင်ရှင်းလင်းခဲ့သူ မော်လမြိုင်ထောက်ပို့တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးxx ဖြစ်သည်။ ၎င်းမှာခလကဥက္ကဌတာဝန်ယူသည်မှာ မကြာသေး၍ ကျိုက်မရော-မော်လမြိုင် ကားအသင်းပြဿနာ၏အစကိုမသိသေးချေ။ ခလကအဖွဲ့ဝင်ဖြစ်သူ ခရိုင်ဝန်ကြီးက ''ကျိုက်မရော-မော်လမြိုင်ကားလမ်းတွင် ဒတ်ဆန်းမော်တော်ယာဉ်ကလေးများ ပြေးဆွဲရန်ကိစ္စကို နလကအဖွဲ့၏ တင်ပြချက်အရ ခလကနှင့် တလကတို့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းမှူး၏လမ်းညွှန်ချက်မှာလည်း ယာဉ်လိုင်းနှစ်လိုင်းပြေးဆွဲရာ၌ နှစ်ဖက်ဆွေးနွေးညှိနှိုင်း၍ စည်းကမ်းချက်များ ချမှတ်ပေးရန်ဖြစ်ကြောင်း၊ ကားကြီးအသင်းအနေဖြင့် နလကအဖွဲ့က သတိပေးထားသော်လည်း လိုက်နာခြင်းမရှိသဖြင့် ခရီးသည်များ၏ အကျိုးအတွက် ကားလေးများကိုပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း'' ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ခလကဥက္ကဌကနှစ်ဖက်ကားအသင်းက ခေါင်းဆောင်များအား ''ကားလေးများ ပြေးဆွဲခြင်းကို တလကတိုင်းမှူးက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်ယာဉ်လိုင်းများအနေဖြင့် ဆွေးနွေးညှိနှိုင်းပြီး စည်းကမ်းချက်များ သတ်မှတ်ပေးရန်ဖြစ်ကြောင်း၊ မော်တော်ယာဉ်အလုပ်သမားများက သပိတ်မှောက်ခြင်းမှာ ခေတ်ဟောင်းက အတွေးအခေါ်ဖြစ်ကြောင်း၊ အများပြည်သူ ခရီးသည်များ သွားလာမှုအဆင်ပြေရေးကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း ချင်း-သနက(၁)မှ ဒုတပ်ရင်းမှူးနှင့် နလကအဖွဲ့တို့၏ဦးဆောင်မှုဖြင့် ဆက်လက်ဆွေးနွေးကြပြီး သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ကြပါ'' ဟု ပြောကြားပြီးဆွေးနွေးပွဲကိုရပ်နား၍ ခလကအဖွဲ့ဝင်များ ပြန်သွားကြပါသည်။
ထိုနေ့ မွန်းလွဲ ၂ နာရီလောက်မှစ၍ နှစ်ဖက်ယာဉ်လိုင်းများ ညှိနှိုင်းဆွေးနွေးခြင်းကို ဒုတပ်ရင်းမှူးက ဦးဆောင်၍နလကဥက္ကဌရုံးခန်းတွင် ဆက်လက်ပြုလုပ်ကြသည်။ ညနေရုံးဆင်းချိန် ရောက်သောအခါ ဒု-တပ်ရင်းမှူးက ဆွေးနွေးညှိနှိုင်းပွဲကို ပြေလည်သည်အထိ မိမိဦးဆောင်၍တာဝန်ယူမည်ဖြစ်ကြောင်း၊ နလကအဖွဲ့ဝင်များအနားယူကြပါ'' ဟု ပြောသဖြင့် မိမိတို့ပြန်ခဲ့ကြပါသည်။မိမိတို့နလကအဖွဲ့ဝင်များ ပြန်သွားပြီးနောက် နှစ်ဖက်ကားအသင်းက ခေါင်းဆောင်နှစ်ဦးစီနှင့် ဆက်လက်ဆွေးနွေးကြကြောင်း၊ ဒု-တပ်ရင်းမှူးက ဝင်ရောက်ပြောကြားခြင်းမရှိဘဲ နှစ်ဖက်ခေါင်းဆောင်များကိုသာ အပြန်အလှန်ဆွေးနွေးစေကြောင်း၊ ရဲဘော်များက ညစာချက်ကျွေးကြောင်း၊ ညစာစားပြီးနောက် ဆက်လက်ဆွေးနွေးခိုင်းကြောင်း၊ ''မိမိတို့အချင်းချင်းနားလည်မှုရပါပြီ။ ပြဿနာပြေလည်သွားပါပြီ''ဟုပြောသော်လည်း ဒု-တပ်ရင်းမှူးက ''ဒီလောက် အကြိတ်အခဲဖြစ်နေတဲ့ ပြဿနာကို ယခုလောက် ညှိနှိုင်းဆွေးနွေးရုံဖြင့် မရသေးကြောင်း၊ နောင်တွင်ပြဿနာပြန်ပေါ်နိုင်ကြောင်း ဆက်လက်ဆွေးနွေးကြပါ'' ဟုခိုင်းစေပြီး ည ၁ဝ နာရီလောက်တွင် လက်ဖက်ရည်၊ မုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံကြောင်း၊ နောက်နေ့နံနက်၂ နာရီလောက် ရောက်သောအခါမှ နှစ်ဖက်ခေါင်းဆောင်များက ၎င်းတို့အချင်းချင်းသဘောတူညီချက်များရရှိပြီးဖြစ်ပါလျက် ဒုတပ်ရင်းမှူးက ဆက်လက်ဆွေးနွေးဦးဟု ထပ်တလဲလဲခိုင်းနေခြင်းမှာ ၎င်းတို့အားတမင်သက်သက် ဒဏ်ပေးနေခြင်းဖြစ်သည်ကို သဘောပေါက်သွားကြပြီး ''မိမိတို့အချင်းချင်း နားလည်မှုရပါပြီ၊ တော်ပါတော့'' ဟု တောင်းပန်သဖြင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးစေပြီး နောက်မှပြန်လည်စေလွှတ်လိုက်ကြောင်း၊ နလကရုံးအပေါ်ထပ်တွင်နေထိုင်သော နလကဥက္ကဌ၏ပြောကြားချက်အရ သိရှိရပါသည်။ နောက်ပိုင်းတွင်မူ ကျိုက်မရော-မော်လမြိုင် ကားအသင်း ပြဿနာထပ်မံပေါ်ပေါက်ခြင်း မရှိတော့ပေ။
ဤသို့ ကားအသင်းသပိတ်ပြဿနာ ဖြစ်ပေါ်ပြီးနောက်ပါတီစည်းရုံးရေးမှူးနှင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုနီးစပ်စွာ ပူးပေါင်းလုပ်ဆောင်လာကြပါသည်။ လမ်းစဉ်ပါတီဗဟိုကော်မတီ၏ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးတွင် ကျေးရွာအဆင့်အထိ တောင်သူလယ်သမားများကောင်စီများကို ဖွဲ့စည်းပေးကြရပါသည်။ ကျေးရွာအဆင့် တောင်သူလယ်သမားကောင်စီများကို ဖွဲ့စည်းပြီးပါက မြို့နယ်တောင်သူလယ်သမားကောင်စီကို ဆက်လက်ဖွဲ့စည်းရမည်ဖြစ်ပါသည်။ ကျေးရွာတောင်သူလယ်သမားကောင်စီများ ဖွဲ့စည်းရေးအတွက် ပါတီယူနစ်၏ ဦးဆောင်မှုဖြင့် အဖွဲ့ခွဲများဖွဲ့စည်းရာတွင် အဖွဲ့ခွဲတစ်ခုကို ဦးဆောင်ရန် မိမိအား တာဝန်ပေးပါသည်။ မိမိနှင့်အတူ တာဝန်ကျသူ ပါတီယူနစ်၏ ကိုယ်စားလှယ်မှာ ဦးxx ဆိုသူဖြစ်ပြီးမိမိနေထိုင်သောအိမ်နှင့် မျက်စောင်းထိုးနေအိမ်တွင် နေထိုင်သူဖြစ်သော်လည်း သိကျွမ်းရုံသာရှိပြီး သိပ်ရင်းနှီးမှုမရှိပေ။ သူသည် ပါတီယူနစ်ဥက္ကဌနှင့် အလွန်ရင်းနှီးသူဖြစ်ပြီး ယခင်က ဖားပျောက်ကျေးရွာတွင် လယ်သမားလုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်းနှင့် ကျိုက်မရောမြို့သို့ ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။ သူနေထိုင်သော အိမ်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်၊ သွပ်မိုးဖြစ်၍ဒေသ၏လူနေမှုအဆင့်အတန်းအရ စီးပွားရေးအခြေခံကောင်းသူဖြစ်ကြောင်း သိသာနိုင်သည်။ သူသည်မြန်မာဖြစ်ပြီးမွန်ဘာသာစကားကို အထိုက်အလျောက်ပြောနိုင်သူဖြစ်သည်။ မိမိတို့တာဝန်ကျသော ကျေးရွာများမှာ ဂျိုင်းမြစ်ကမ်းတစ်လျှောက်ရှိ မွန်ကျေးရွာများ၊ မော်လမြိုင်မြို့၏ တစ်ဖက်ကမ်းရှိ ညောင်ပင်ဆိပ်ကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည်။
မိမိနှင့် ဦးxx တို့သည် ကျေးရွာများသို့သွားရောက်ကြပြီး ကျေးရွာလူကြီးများနှင့် တောင်သူလယ်သမားများကို မူလတန်းကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းတွင် စုဝေးစေပြီး လယ်သမားများ၏ဆန္ဒအတိုင်း ကျေးရွာအုပ်စုတောင်သူလယ်သမားကောင်စီများကို ဖွဲ့စည်းပေးကြသည်။ ကျေးရွာများတွင် နိုင်ငံရေးပါတီများ၏ အရှိန်အဝါ ကျဆင်းနေပြီဖြစ်၍လည်းကောင်း၊ လယ်သမားများမှာလည်း ပါတီနိုင်ငံရေးတွင် တက်ကြွစွာ စိတ်ဝင်စားသူများ မဟုတ်ကြဘဲ အစဉ်အလာအရ ကျေးရွာခေါင်းဆောင်များ၏ သြဇာကို နာခံသူများဖြစ်ကြသောကြောင့်လည်းကောင်း အတိုက်အခံအကွဲအပြဲပြဿနာမရှိဘဲကျေးရွာအုပ်စုတောင်သူလယ်သမားကောင်စီများကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ယင်းသို့ ဖွဲ့စည်းသည့် အစည်းအဝေးများတွင် တော်လှန်ရေးကောင်စီ၏ တောင်သူ လယ်သမားများဆိုင်ရာ မူဝါဒများ၊ မြေယာနှင့်ပတ်သက်သော မူဝါဒများကို မိမိကဦးဆောင်၍ ရှင်းလင်းပြောကြားပြီးနောက် တောင်သူလယ်သမားကောင်စီအဆင့်ဆင့်ဖွဲ့စည်းပုံနှင့်နောင်တွင်အရေးပါလာမည့် အခန်းကဏ္ဍတို့ကို ဦးxxအား တာဝန်ခွဲပေး၍ ရှင်းပြစေပါသည်။ ဦးxxသည် ပထမပိုင်းတွင် လူထုဟောပြောသည့် အတွေ့အကြုံမရှိသေး၍ သိပ်မပြောနိုင်သေးသော်လည်း နောက်ပိုင်းတွင် မိမိပြောပြသော အချက်အလက်များကို ၎င်းကမှတ်စုစာအုပ်တွင်ရေးမှတ်ပြီးပြောရာမှ အတွေ့အကြုံရရှိပြီး အတော်အတန် ဟောပြောနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။
၎င်းအနေဖြင့် မြို့နယ်အဆင့်တွင် ခေါင်းဆောင်ရမည့်အခြေအနေရှိခြင်း မြို့နယ်ကိုယ်စား ဗဟိုအဆင့် ညီလာခံများသို့ တက်ရောက်ရမည့်အခြေအနေရှိခြင်းတို့ကိုမိမိက ၎င်းအားပြောပြပြီး ဖတ်ရှုသင့်သော စာအုပ်များကိုလည်း ၎င်းအားညွှန်ပြပေးသဖြင့် ၎င်းအနေဖြင့် မိမိအားပိုမိုလေးစား၍ ရင်းနှီးခင်မင်လာကြောင်းတွေ့ရှိရသည်။ကျေးရွာအုပ်စု တောင်သူလယ်သမားကောင်စီများကိုဖွဲ့စည်းပြီးသောအခါ မြို့နယ်တောင်သူလယ်သမားကောင်စီကို ဖွဲ့စည်းရန်အတွက် ကျေးရွာအုပ်စုတောင်သူလယ်သမားကောင်စီ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို မြို့ခန်းမတွင်ကျင်းပသည်။ မိမိနှင့် ဦးxx တို့လည်း ယင်အစည်းအဝေးသို့တက်ရောက်ကြရာ ဦးxxသည် မိမိအနားမှာပင်ထိုင်သည်။ သူသည် အလွန်ပင်စိတ်ဆိုးနေပြီ၊ မိမိကမမေးရဘဲ သူ၏မကျေနပ်ချက်ကို အစည်းအဝေးမစမီ မိမိအားပြောပြနေသည်။ ယမန်နေ့ညက ပါတီယူနစ်ဥက္ကဌကသူ့အားနှစ်ယောက်ချင်း ခေါ်ယူတွေ့ဆုံပြီး မြို့နယ်ပြည်သူ့တောင်သူလယ်သမားကောင်စီ ဥက္ကဌအဖြစ် အခြားသူတစ်ဦးအား တာဝန်ပေးရန် မြို့နယ်ပါတီယူနစ်ကဆုံးဖြတ်သည့်အကြောင်းနှင့်စိတ်ဓာတ်မကျရန်နှင့် နောင်တွင်ပါတီအတွက် အရေးကြီးသော တာဝန်များကိုပေးရန် အခြေခံနိုင်ငံရေးသင်တန်းသို့ စေလွှတ်မည်ဖြစ်ကြောင်း ဖျောင်းဖျပြောဆိုသည်ဟုသိရသည်။ မြို့နယ် ပြည်သူ့တောင်သူလယ်သမားကောင်စီဥက္ကဌအဖြစ် လျာထားခြင်းခံရသူမှာ လယ်သမားမဟုတ်၊ လယ်လုပ်ဖူးသူလည်း မဟုတ်ဘဲ လက်သမားဆရာ တစ်ဦးဖြစ်ပြီး ကျိုက်မရောမြို့ပေါ်တွင် နေထိုင်သူ မွန်လူမျိုးတစ်ဦးဖြစ်သည်အခြေခံပညာ အရည်အချင်းမှာ ဦးxx နှင့် ကွာခြားပုံမရပေ။ သို့သော် လယ်သမားမဟုတ်သူ၊ လယ်လုပ်ဖူးခြင်းပင် မရှိသည်ကို မြို့နယ်ဥက္ကဌအဖြစ်တာဝန်ပေးခြင်းကို ဦးxx က အကြီးအကျယ်မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။
ပြီးနောက် မြို့နယ်တောင်သူလယ်သမားကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ရာတွင်မူ ထိုခေတ်က လုပ်နည်းလုပ်ဟန်အတိုင်း ပါတီယူနစ်ကကြိုတင်၍ သတ်မှတ်ရွေးချယ်ထားသူများပင် ဥက္ကဌ၊အတွင်းရေးမှူးနှင့် အမှုဆောင်များ ဖြစ်လာကြသည်။နောက်နှစ်ရက် သုံးရက်လောက်ကြာသောအခါ ညပိုင်းတွင် ဦးxx သည် မိမိအိမ်သို့ ရောက်လာသည်။ စာအိတ်အရှည်တစ်ခုကိုလည်းကိုင်လာသည်။ မိမိက အကျိုးအကြောင်း မေးမြန်းသောအခါ ''ဒီစာကို ဖတ်ကြည့်ပါ''ဟုပြောသည်။ စာကို ဗလာစာရွက်အရှည်ဖြင့် ရေးသားထားပြီး သုံးရွက်လောက်ရှိသည်။ လမ်းစဉ်ပါတီဗဟိုကော်မတီသို့ လိပ်မူရေးသားထားသောစာဖြစ်ပြီး ပါတီယူနစ်ဥက္ကဌ၏ နောက်ကြောင်းများ၊ မကောင်းကြောင်းများဖြစ်သည်။ ပါတီယူနစ်ဥက္ကဌသည် ဖဆပလ၏ လက်နက်ကိုင်ခေါင်းဆောင်အဖြစ်လုပ်ကိုင်ခဲ့စဉ်က ရွာသူရွာသားများ၊ လယ်သမားများကို မည်သို့နှိပ်စက်ခဲ့ကြောင်း၊ မတရားသဖြင့် ငွေများကောက်ခံ၍ ကိုယ့်အကျိုးအတွက် သုံးစွဲခဲ့ကြောင်း စသည်တို့အပြင် ပါတီယူနစ်စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ရာတွင်လည်း ၎င်း၏လုပ်ဖော်ကိုင်ဖက်ဟောင်းများကိုသာ ခေါင်းဆောင်နေရာပေးခဲ့ကြောင်း၊ မြို့နယ် တောင်သူလယ်သမားကောင်စီဥက္ကဌအဖြစ် တာဝန်ပေးထားသူမှာလည်း ၎င်း၏နောက်လိုက်တစ်ဦးဖြစ်ပြီး လယ်သမားလည်းမဟုတ်၊ လယ်လည်းမလုပ်ဖူးသော လက်သမားဆရာတစ်ဦးသာဖြစ်ပြီး ကျေးရွာတောင်သူလယ်သမားများက သိရှိသူမဟုတ်ကြောင်း စသည်ဖြင့် ပါတီယူနစ်စည်းရုံးရေးမှူး၏ ငယ်ကျိုးငယ်နာများကို ဖော်ပြ တိုင်ကြားခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)















