ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ်ကို အာမခံဖြင့်လွှတ်

ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ်ကို အာမခံဖြင့်လွှတ်

ဗန်ကူးဗား ” အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုကြောင့် တရုတ်လူမျိုး ထိပ်တန်းအရာရှိတစ်ဦး ဖမ်းဆီးခဲ့ခြင်းကို ကနေဒါတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် အာမခံဖြင့်လွှတ်ပေးခဲ့သည်။ အဆိုပါဖမ်းဆီးမှု ကြောင့် နိုင်ငံသုံးနိုင်ငံတို့၏ သံတမန်ရေးရာ အမျက်ဒေါသဖြစ်ပွားခဲ့ကာ အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးဆွေးနွေးမှုများကို ခက်ခဲရှုပ်ထွေးစေခဲ့သည်။ 

 

ဗန်ကူးဗားတွင် အာမခံကိစ္စ ကြားနာမှုမတိုင်ခင် နာရီပိုင်းအလိုတွင် တရုတ်က ပေကျင်းရှိ ကနေဒါလူမျိုး သံတမန်ဟောင်းတစ်ဦးကို ထိန်းသိမ်းလိုက်ခြင်းသည် ဒီဇင်ဘာ ၁ ရက်က တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေး၏ ဘဏ္ဍာရေးအရာရှိချုပ်နှင့် ကုမ္ပဏီတည်ထောင်သူ၏ သမီးဖြစ်သူ မုန်ဝမ်ကျုတ်ကို ဖမ်းဆီးမှုအတွက် ပြောင်ပြောင်တင်းတင်း လက်တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။ 

ကြားနာစစ်ဆေးမှုကို သုံးရက်ကြာပြုလုပ်ပြီးနောက် ဗြိတိသျှ ကိုလံဘီယာပြည်နယ်တရားရုံးက ကနေဒီယန်ဒေါ်လာ ၁၀ သန်း (အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်း) အာမခံဖြင့် မုန်ကို လွှတ်ပေးခဲ့သော်လည်း ခြေချင်းဝတ်တွင် သတ်မှတ်သင်္ကေတကို ပတ်ထားရန်၊ နိုင်ငံကူးလက်မှတ် အပ်နှံရန်၊ ဗန်ကူးဗားနှင့် ဆင်ခြေဖုံး နေရာများတွင်သာ နေထိုင်ရန်နှင့် ဗန်ကူးဗားရှိ ၎င်း၏ နေအိမ်နှစ်အိမ်အနက် တစ်အိမ်အိမ်တွင် ည ၁၁ နာရီမှ နံနက် ၆ နာရီအထိ အကျယ်ချုပ်ဖြင့် နေထိုင်ရန်တို့ လိုအပ်သည်။

တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် သံတမန်အဖြစ် ယခင်က လုပ်ကိုင်ခဲ့သော မိုက်ကယ်ကိုးဗရစ်ချ်သည် ပေကျင်းသို့ ပုံမှန် လာရောက်လည်ပတ်စဉ်အတွင်း ဒီဇင်ဘာ ၁၀ ရက်ညက တရုတ်နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပေကျင်းဌာနက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အရှေ့မြောက် အာရှရေးရာအကြံပေးအဖြစ် ကိုးဗရစ်ချ် တာဝန် ထမ်းဆောင်နေသည့် နိုင်ငံတကာအရေးအခင်း လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ အီရန်သို့ လက်နက်များရောင်းချရန် ဟောင်ကောင်ရှိယင်း၏ ဟန်ပြကုမ္ပဏီတစ်ခုကို ဟွာဝေးက အသုံးပြုခဲ့သည်ဟု ဝါရှင်တန်က စွပ်စွဲထားသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မုန်၏အမှုကို ၎င်းတို့၏ နှစ်နိုင်ငံ ကျယ်ပြန့်သော ကုန်သွယ်ရေးအငြင်းပွားမှုနှင့် သီးခြားဖြစ်စေရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းရန် ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြန်စရန် စီစဉ်ခဲ့ကြသည်။