အခွန်သက်သာခွင့်ပေးရန် မက်ကရွန် ကတိပေး

အခွန်သက်သာခွင့်ပေးရန် မက်ကရွန် ကတိပေး

ပြင်သစ်အစိုးရ အခွင့်အာဏာကို ထိပါးခဲ့သည့် တစ်လနီးပါးခန့် ကြာမြင့်စွာ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် ဆန္ဒပြမှုများကိုတားဆီးရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် ပြင်သစ်နိုင်ငံ အနည်းဆုံး လုပ်အားခ သတ်မှတ်နှုန်းထားကို တစ်လလျှင်  ၁၁၄ အမေရိကန်ဒေါ်လာခန့် တိုးမြှင့်ခဲ့ပြီး အချိန်ပို အလုပ်လုပ်ချိန်နှင့် ပင်စင်အခွန်များ လျှော့ချသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ကရွန်က ဒီဇင်ဘာ၁၀ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကို မကျေနပ်၍ တုံ့ပြန်သောအားဖြင့် အင်္ကျီဝါလှုပ်ရှားမှုဟု အမည်ပေးထားသည့် လူထု ဆန္ဒပြမှုများသည် မက်ကရွန် သမ္မတသက်တမ်းတွင် အထင်ရှားဆုံးအရေးအခင်း တစ်ခုလည်းဖြစ်သည်။ အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြနေရင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုကို မက်ကရွန်က ဝေဖန်ရှုတ်ချခဲ့ပြီး ပြည်သူများ ဒေါသထွက်ခွင့်ရှိကြောင်း မက်ကရွန်က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူလူထု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်  နိုင်ငံစီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုကြောင်း မက်ကရွန်က ထည့်သွင်းပြောကြားခဲ့သည်။ 

ဆန္ဒပြမှုများက ပြင်သစ်နိုင်ငံကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့ပြီးနောက် တည်ငြိမ်မှု ပြန်လည်ရရှိရန် အကျိုးသက်ရောက်မည့် အရေးယူဆောင်ရွက်မှုမှန်သမျှ လုပ်ဆောင်သွားမည်ဟု ပြင်သစ်သမ္မတ မက်ကရွန်က ကတိပေးပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ မက်ကရွန်က သမ္မတအိမ်တော်တွင် ပြည်တွင်း နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးခေါင်းဆောင်များ ပွင့်ပွင့်လင်းလင်း ပြောဆိုချက်များကို လေးနာရီခန့် အချိန်ယူ၍ နားထောင်ဆွေးနွေးခဲ့သည်။ မက်ကရွန်၏ ပင်ကိုစရိုက်၊ သို့မဟုတ် အထူးသဖြင့် သူပြောဆိုခဲ့သော စကားများကြောင့် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း  ဆန္ဒပြသူအချို့က ပြောကြားခဲ့သည်။

၂၀၁၇ ရွေးကောက်ပွဲပြီးနောက် သူ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး မှတ်ချက်အချို့ကို ကိုးကားချက်အရ အလုပ်အကိုင် ရရှိရေးအတွက် မက်ကရွန်၏ မထီမဲ့မြင်လုပ်ဆောင်မှုကို လူထုက သဘောကျနှစ်သက်ခြင်းမရှိကြောင်းသိရသည်။ 

ရင်းနှီးမြှုပ်နှံမှုမှရသော အကျိုးအမြတ်တွင် ပုံသေအခွန်နှုန်းအတွက် မက်ကရွန်က ပြင်သစ်နိုင်ငံ၏ နာမည်ကြီးပိုင်ဆိုင်မှု အခွန်ကို ဖျက်သိမ်းခဲ့သည်။ ပိုင်ဆိုင်မှု အခွန်မူလအတိုင်း ပြန်လည်သတ်မှတ်ရန် ဆန္ဒပြသူများ၏တောင်းဆိုချက်ကို မက်ကရွန်ကဆန့်ကျင်ခဲ့ပြီး ပြင်သစ်နိုင်ငံစီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဆိုပါ ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ထိုမှသာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ကြောင်း မက်ကရွန်က ပြောကြားခဲ့သည်။ 

အင်္ကျီဝါလှုပ်ရှားမှု ဆန္ဒပြသူများက အခြား အခွန်များကို ဖျက်သိမ်းရန်၊ အနည်းဆုံးလုပ်အားခကို တိုးမြှင့်ပေးရန်နှင့် မက်ကရွန်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြပွဲများကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု စီးပွားရေး သုည ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနီု လယ် မာရီက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။