စိန်မှောင်ခို သတင်းကြောင့် အစ္စရေးသူဌေးကြီးကို အာရုံစိုက်လာ

စိန်မှောင်ခို သတင်းကြောင့် အစ္စရေးသူဌေးကြီးကို အာရုံစိုက်လာ

တဲလ်အဗစ် (အစ္စရေး )- ” စိန်များအကြောင်းကိုသာ စိတ်ဝင်စားသည့်နိုင်ငံတွင် ချမ်းသြွာကယ်ဝလာသည့် အစ္စရေးဘီလျံနာတစ်ဦးသည် စိန်အမြောက်အမြား မှောင်ခို ခိုးထုတ် သည့်ဂိုဏ်းက သူနှင့်ရင်းနှီးသည့် အပေါင်းအပါများကို ရဲက ဝင်ရောက်ဖမ်းဆီးခြင်းနှင့် ၎င်း၏အထပ်မြင့် တဲလ်အဗစ် ရုံးခန်းအဆောက်အအုံ ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးသည့်ကိစ္စများဖြစ်ပွားပြီးနောက် ၎င်း၏ စီးပွားရေးလုပ်ငန်းမှာ ရုတ်တရက် ဆုံးရှုံးမှုနှင့်ကြုံတွေ့ခဲ့ရသည်။

အစ္စရေးတွင် ]စိန်ရာဇာ}ဟု အများကသိကြသည့် လက်ဗ်လီဗီယက်ဗ်သည် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသည့်ဆက်သွယ်မှုရှိကာ ဂျူးအရေးကိစ္စများအတွက် ရက်ရောသော ပရဟိတအလုပ်ဖြင့် နာမည်ဂုဏ်သတင်း ကျော်စောသူဖြစ်သည်။ သို့သော် ယခုအခါ မှောင်ခိုလုပ်ငန်းစွပ်စွဲချက်များ၊ ငွေကြေးခဝါချမှုနှင့် အခွန်တိမ်းရှောင်မှုတို့ဖြင့် စုံစမ်းမေးမြန်းရန် ၎င်းကို မော်စကိုကပြန်လာရန် အစ္စရေးရဲများက ဆင့်ခေါ်ထားသည်။

ထိုသို့ဖြစ်လာခြင်းသည် အစ္စရေးရှိ နာမည်အကြီးဆုံး သူဌေးကြီးတစ်ဦးအတွက်  လုံးဝမျှော်လင့်မထားသည့် အကျဘက်သို့ဦးတည်ခြင်းပင်ဖြစ်သည်။ ယခင်ဆိုဗီယက် သမ္မတနိုင်ငံဟောင်းဖြစ်ခဲ့သည့် ဥဇဘက်ကစ္စတန်တွင်မွေးဖွားခဲ့သော အသက် ၆၂ နှစ်အရွယ်ရှိလီဗီယက်ဗ်သည် ၁၉၇၁ ခုနှစ်တွင်လူငယ်တစ်ဦးအဖြစ် အစ္စရေးနိုင်ငံသို့ ဝင်ရောက်နေထိုင်ခဲ့ကာ အစ္စရေးရှိ စိန်သွေးစက်ရုံတစ်ရုံတွင် အလုပ်သင်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၎င်း၏ တစ်ရှိန်ထိုးတိုးတက်မှုကြောင့်  ကိုယ်ပိုင် စိန်သွေးစက်ရုံတစ်ရုံ ထူထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်  အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင့် ဓာတုလုပ်ငန်းများ ဘက်သို့ လုပ်ငန်းများခွဲထွက်ကာ ၎င်း၏ အာဖရိက-”အစ္စရေး ဦးပိုင်ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် အစ္စရေးဈေးကွက်တွင်အင်အားကြီးမားသည့် လုပ်ငန်းဖြစ်လာသည်။

လီဗီယက်ဗ်သည် ဆိုဗီယက်ပြည်ထောင်စု ဟောင်းခေတ်က  ဂျူးလူနည်းစု အစိုးရအဖွဲ့၏ ရှေ့ပြေးရာထူးရရှိခဲ့သူတစ်ဦးဖြစ်ပြီး အစ္စရေးတွင်အဏာရရှိရေး ကြားဝင်ဆောင်ရွက်သည့်သြဇာအာဏာပွဲစားတစ်ဦး ဖြစ်လာခဲ့သည်။

၎င်း၏ အသားတင် ြွကယ်ဝချမ်းသာမှုသည်တန်ဖိုးအရ ခန့်မှန်းခြေ ဒေါ်လာ တစ်ဘီလျံ ကျော်ရှိသော်လည်း  ရုရှားအစိုးရ၏ထောက်ခံမှုအခိုင်အမာရထားသည့် ၎င်းအနေဖြင့် ရုရှားတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုကြောင့် များမကြာမီနှစ်များအတွင်း အကြီးအကျယ်ဆုံးရှုံးမှု တွေ့ကြုံခဲ့ရသည်။ လွန်ခဲ့သည့် ၁၀ နှစ်က လန်ဒန်သို့ ပြောင်းရွှေ့ကာ မကြာမီက မော်စကိုသို့ ပြောင်းရွှေ့ခဲ့သည့် လီဗီယက်ဗ်က ၎င်းအပေါ် မလျော်ကန်သည့် စွပ်စွဲချက်များကို ငြင်းဆိုကာ အစ္စရေးသို့ပြန်လာရန် အစ္စရေးရဲများနှင့် လောလောဆယ် ဆွေးနွေးညှိနှိုင်းနေသည်။ ၎င်းကိုပြစ်မှုဖြင့် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း မခံရသည့်တိုင်၎င်း၏ အပေါင်းအပါများသည် လက်ဆွဲအိတ်များထဲတွင် စိန်များဝှက်ကာ ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိသည့် စိန်များကို နှစ်ပေါင်းများစွာ ခိုးထုတ်သည်ဆိုသည့် သံသယစွပ်စွဲချက်သည် ၎င်း၏နာမည်ကောင်းရရှိမှုကို ထိခိုက်စေသည်ဟု အတွင်းသိများက ဆိုသည်။ 

စိန်မှောင်ခိုကိစ္စနှင့် ပတ်သက်၍ ရဲများက တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများကြောင့် စိတ်ကျန်းမာရေး ချို့ယွင်းခြင်း ....

လီဗီယက်ဗ်၏သားနှင့် ညီအစ်ကိုများကို အခြားလူ လေးဦးနှင့်အတူ စိန်ကိစ္စဖြင့်  နိုဝင်ဘာလအစောပိုင်းက ဖမ်းဆီးခဲ့ကာ ယခုလေလောဆယ် အာမခံဖြင့် ထုတ်ထားသည်။

ထိုသို့ကိစ္စရပ်များ ဖြစ်နေစဉ် နိုဝင်ဘာ ၁၁ ရက်တွင် ပိုဝမ်းနည်းဖွယ်ရာ အဖြစ်သို့ပြောင်း လဲကာ လီဗီယက်ဗ်၏ စိန်လုပ်ငန်း အယ်လ်အယ်လ်ဒီက စာရင်းကိုင်အမျိုးသမီးတစ်ဦးဖြစ်သူ မာဇယ်လ်ဟာဒါဒီသည် ၁၀ ထပ်ရှိ ၎င်း၏ ရုံးခန်းအဆောက်အုံ ရေချိုးခန်းပြတင်းပေါက်ငယ်လေးမှ ပြုတ်ကျသေဆုံးခဲ့သည်။ 

စိန်မှောင်ခိုကိစ္စနှင့် ပတ်သက်၍ ရဲများက တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများကြောင့် စိတ်ကျန်းမာရေး ချို့ယွင်းခြင်းဖြစ်သည်ဟု ယူဆကာ ကနဦးက အဆိုပါ သေဆုံးမှုကို မိမိကိုယ်မိမိ အဆုံးစီရင်မှုဟု ဖော်ပြခဲ့သည်။ ရဲများ၏ စုံစမ်းမေးမြန်းမှုကြောင့် စိတ်ကယောက်ကယက် ဖြစ်သော်လည်း ကလေးသုံးဦး၏မိခင် ဟာဒါဒီသည် မိမိကိုယ်မိမိအဆုံးစီရင်မည်မဟုတ်ကြောင်း မိသားစုဝင်များကဆိုသည်။ 

အစ္စရေး စိန်ရောင်းဝယ်ဖောက်ကားမှုအသင်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် တရားဝင်ဖြစ်နေသေးသော်လည်း လီဗီယက်ဗ်အား အစ္စရေး စိန်အသိုင်းအဝိုင်းတွင် မတွေ့မြင်ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီး ၎င်း၏စီးပွားရေးအကျိုး စီးပွားများကို အခြားနေရာတွင် အာရုံစိုက်ထားကာ အယ်လ်အယ်လ်ဒီကို ၎င်း၏ ညီဖြစ်သူက ဦးဆောင်နေခဲ့သည်။

စိန်လုပ်ငန်းထဲမှ တာဝန်ရှိသူတစ်ဦးက အဆိုပါကိစ္စရပ်ကြောင့် အစ္စရေးတွင် စိန် အရောင်းအဝယ်လုပ်သည့် အခြားသူများအပေါ် ယုံကြည်မှုကင်းမဲ့စေသည်ဟုပြောကြားခဲ့သည်။ 

ယခုအခါ ထိုကိစ္စအတွက် အဖြေထက် မေးခွန်းများသာရှိနေသည်။ အစ္စရေးမီဒီယာက စာရင်းကိုင်၏မိသားစုများနှင့် အင်တာဗျူးပြုလုပ်ခြင်း၊ ရဲများ၏လုပ်ရပ်ကို ဝေဖန်ခြင်းနှင့် လီဗီယက်ဗ်ပြန်လာပြီး အဖမ်းခံမည်လားဆိုသည့် ခန့်မှန်းချက်သတင်းများ ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။

လီဗီယက်ဗ်၏ အစ္စရေးရှိရုံးက မစ္စတာလီဗီယက်ဗ်နှင့် ၎င်း၏လက်အောက်ရှိ ကုမ္ပဏီများသည် သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ဥပဒေကို လိုက်နာကာ လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့ သည်။ လီဗီယက်ဗ်သည် လူသိများကျော်ကြားမှုကို မကြိုက်ကြောင်းနှင့် ပေါ်လွင်မှုကို မလိုလားကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။