မော်စကို ” ဆိုဗီယက်နှင့် ရုရှားအစိုးရစနစ်များကို နှစ်ပေါင်းများစွာ စိန်ခေါ်ခဲ့သည့် လူ့အခွင့်အရေးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သူနှင့် အစိုးရနှင့် သဘောထား ကွဲလွဲဆန့်ကျင်သူ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ အခြေခံသည့် ရပိုင်ခွင့်များထူထောင်ရန် တောင်းဆိုနေသူ လျုဒ်မီလာ အလက်ဆီယေဘာသည် မော်စကိုဆေးရုံတစ်ရုံ၌ ဒီဇင်ဘာ ၈ ရက်က ကွယ်လွန်သွားပြီဖြစ်ကြောင်း ရုရှားအရာရှိ တစ်ဦးကဆိုသည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။
အလက်ဆီယေဘာသည် ကွယ်လွန်သည့်အချိန်အထိ လူ့အခွင့်အရေးအတွက် လှုပ်ရှား သူတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းကွယ်လွန်ခြင်းသည် ရုရှား လူ့အခွင့်အရေးလှုပ်ရှားမှု တစ်ခုလုံးအတွက် ဆုံးရှုံးမှုဖြစ်သည်ဟု ရုရှား လူ့အခွင့်အရေးကောင်စီ အကြီးအကဲဖြစ်သူ မီခေးလ်ဖီဒိုတော့ဗ်က ပြောကြားလိုက်သည်။
နူးညံ့သိမ်မွေ့သော်လည်း ရဲဝံ့သည့် အလက်ဆီယေဘာကို အာဏာရှင် ဂျိုးဆက်ဖ် စတာလင်အစိုးရ အုပ်ချုပ်မှုအောက်တွင် မွေးဖွားခဲ့သည်။
၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုတွင် နိုင်ငံရေးအကျဉ်းသားများ၏ အတိဒုက္ခကို ကန့်ကွက်ရန် ၎င်း၏လွတ်လပ်မှုကို စွန့်လွှတ်ဆောင်ရွက်ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် ရုရှားရှိ သက်တမ်းအရင့်ဆုံး လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် မော်စကိုဟယ်လ်စင်ကီအုပ်စုကို တွဲဖက်တည်ထောင်ခဲ့သူဖြစ်သည်။
၎င်း၏ သက်တမ်းတစ်လျှောက် သတ်ပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုများကို အလက်ဆီယေဘာ ရင်ဆိုင်ခဲ့ရကာ ၁၉၇၇ ခုနှစ်တွင် ဆိုဗီယက်အာဏာပိုင်တို့က ၎င်းကို ပြည်နှင်ဒဏ်ပေးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ၁၉၉၃ ခုနှစ်တွင် ရုရှားသို့ ပြန်လာကာ ၎င်း၏လူ့အခွင့်အရေးလှုပ်ရှားမှုကို တကြွ်ကစွာ ဆက်လက် လုပ်ကိုင်ခဲ့သော်လည်း သမ္မတ ဗလာဒီမာပူတင်၏ အုပ်ချုပ်မှုအောက်တွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို သံသယရှိသည့်အတွက် ၎င်း၏ လှုပ်ရှားမှုများကို တဖြည်းဖြည်းနှင့် အဟန့်အတားဖြစ်စေခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် မော်စကို ဟယ်လ်စင်ကီအုပ်စုက ဝန်ထမ်းအများစုကို အလုပ်ဖြုတ်ကာ ကျန်ရှိသူများကို လစာလျှော့ချခဲ့ကြောင်း၎င်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၀ဝ၈ ခုနှစ်က ပူတင်သည် နိုင်ငံတော်သစ္စာဖောက်မှု၏ အဓိပ္ပာယ်ကို အကျယ်တဝင့် ဖော်ပြထားသည့် ဥပဒေပြဋ္ဌာန်းမှုကို အဆိုပြုခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူများက အဆိုပါဥပဒေသည် နိုင်ငံတော်၏ ရန်သူအဖြစ်တရားစွဲဆိုခွင့်ရှိရာ မည်သူမဆို အစိုးရကို အပြစ်မြင်လိမ့်မည်ဟုပြောသည်။ အလက်ဆီယေဘာနှင့် အခြားသူများက အုတ်အာသောင်းသဲ ကန့်ကွက်ကြပြီးနောက် အဆိုပါအဆိုပြုချက်ကို ရုပ်သိမ်းခဲ့သည်။ သို့သော် အလက်ဆီယေဘာနှင့် ၎င်း၏မဟာမိတ်များသည် အနိုင်ရခဲ့သည့် တိုက်ပွဲများနည်းတူ ရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့သည်။
ဒီမိုကရေစီဝါဒအခြခံသော အုပ်ချုပ်မှုနှင့် အများပြည်သူလွတ်လပ်ခွင့်အတွက် ရုရှား၏ဦးဆောင်သူတစ်ဦးအဖြစ် အလက်ဆီယေဘာသည် အသက်အန္တရာယ် ပြုခံရမည့်ခြိမ်းခြောက်မှုများ၊ အနောက်နိုင်ငံများအတွက် သူလျှိုဟုစွပ်စွဲမှုများ၊ ဆိုဗီယက် ကေဂျီဘီအဖွဲ့၏ စုံစမ်းမေးမြန်းမှုများနှင့် ပြည်နှင်ဒဏ် ၁၆ နှစ် ခံခဲ့ရသည်။ ၎င်းသည် အသက် ၈၂ နှစ်အထိ မော်စကိုလမ်းများပေါ်တွင် ချီတက်ကာ ဆန္ဒပြခဲ့သည်။
အရပ် ငါးပေကျော်မျှသာရှိသည့် အလက်ဆီယေဘာသည် သေးသေးကွေးကွေးလေးဖြစ်သော်လည်း ကရင်မလင် အစိုးရကို အင်နှင့်အားနှင့် အတိုက်အခံလုပ်နေသည်မှာ ရာစုနှစ်ထက်ဝက်မျှရှိပြီး ဆိုဗီယက်ခေတ်က ပုန်းလျှိုးကွယ်လျှိုးဖြင့် လက်ကမ်းစာစောင်ကူးယူဖြန့်ဝေခြင်းမှအစ ဒီဂျစ်တယ်ခေတ်တွင် ပို့စ်များတင်၍ သွက်လက်ကျွမ်းကျင်စွာပြောင်းလဲ ဆန့်ကျင်သူဖြစ်သည်။
၂၀၁၇ ခုနှစ်က ၎င်း၏ အသက် ၉၀ ပြည့်မွေးနေ့တွင် ပူတင်သည် ၎င်း၏နေအိမ်သို့သွာရောက်လည်ပတ်ကာ ရှမ်ပိန်သောက်ခဲ့ကြသည်။
အလက်ဆီယေဘာသည် မော်စကိုအစိုးရတက္ကသိုလ်တွင် ရှေးဟောင်းပညာရပ်နှင့် သမိုင်းဘာသာရပ်ကို လေ့လာသင်ယူခဲ့ကာ ၁၉၅၀ ပြည့်နှစ်တွင် ဘွဲ့ရရှိခဲ့သည်။ မော်စကိုစီးပွားရေးနှင့် စာရင်းအင်းပညာရပ် တက္ကသိုလ်တွင် ဘွဲ့လွန်ဒီဂရီကို ၁၉၅၆ တွင်ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် သိပ္ပံဆိုင်ရာ စာပေ ထုတ်ဝေရေးလုပ်ငန်းတစ်ခုဖြစ်သည့် နော်ကာတွင် အယ်ဒီတာ တစ်ဦးအဖြစ် တာဝန်မထမ်းဆောင်မီ မော်စကိုရှိ အထက်တန်းကျောင်းတွင်သမိုင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

















