ဂျပန်နိုင်ငံ၏ တစ်ဟုန်ထိုး နည်းပါးလာသော အသက်ကြီးရင့်သူများ များပြားလာသည့် လုပ်အား ကွာဟချက်များကို ဖြည့်တင်းရန် နောက်လာမည့် ငါးနှစ်အတွက် နိုင်ငံခြားသားအလုပ်သမား ၃၄၅,ဝ၀ဝ ဆွဲဆောင်ရန် ရည်ရွယ်ပြီး ဂျပန်ပါလီမန်က အငြင်းပွားဖွယ်ရာ ဥပဒေသစ်တစ်ခုကို ဒီဇင်ဘာ ၈ ရက်တွင် အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေသစ်မှာ အလောတကြီး ရေးဆွဲခဲ့ခြင်းကြောင့် တိကျပြတ်သားမှုမရှိကြောင်း အတိုက်အခံပါတီများက ဆန့်ကျင်ခဲ့ကြသော်လည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရက တွန်းအားပေးဆောင်ရွက်ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးများနှင့် လူမှုရေးအရ ပါဝင်ဆောင်ရွက်နိုင်မှုများနှင့်စပ်လျဉ်းသည့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိဟု ဝေဖန်ရေးသမားများက ပြောဆိုခဲ့ကြသည်။ ထို့ပြင် အဆိုပါ ဥပဒေမှာ လူဦးရေဆိုင်ရာ ကိစ္စရပ်များ၏ ဖိအားပေးမှုမှ ရှင်းလင်းလွတ်မြောက်ခြင်းမရှိခဲ့ပေ။
ကလေးမွေးဖွားပြီး အသက်ရှင်သည့်နှုန်းမှာ အမျိုးသမီးတစ်ဦးအတွက် ကလေး ၁ ဒသမ ၄ ယောက်နှုန်းအထိ ကျဆင်းခဲ့သည်။ ထိုနှုန်းမှာ တစ်နှစ်လျှင် ဂျပန်လူဦးရေ လေးသိန်းခန့်အထိ ကျဆင်းနေသော လက်ရှိနိုင်ငံ လူဦးရေ၏ အစားထိုးနိုင်သည့်နှုန်း ၂ ဒသမ ၁ အောက် များစွာနိမ့်လျက်ရှိသည်။ အခွန်ဆောင်သူနည်းပါးလာပြီး မှီခိုသူများပြားလာသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးတွင် အဆိုပါ မွေးဖွားမှုနှုန်း လျော့ကျလာခြင်းက ထင်ရှားသော ဝန်ထုပ်ဝန်ပိုး ပြဿနာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုလူဦးရေအချိုးအစားမှာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကမ္ဘာတွင် အမြင့်ဆုံး နှုန်းဖြစ်သည်။
ဥပဒေသစ်တစ်ရပ် အတည်ပြုခဲ့သော်လည်း ဂျပန်နိုင်ငံသည် စက်မှုလုပ်ငန်းနိုင်ငံများအနက် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ကိုင်တွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နိုင်ငံများကဲ့သို့ ရှင်ဇိုအာဘေးအစိုးရကလည်း ပြင်ပလုပ်သားအင်အားတိုးပွားမှုပေါ်တွင် မှီခိုနေသည့် အနာဂတ်စီးပွားရေးနှင့် ရုန်းကန်လှုပ်ရှားနေရသည်။
ဒီဇင်ဘာ ၈ ရက် နံနက် ၄ နာရီ နောက်ပိုင်းတွင် ထောက်ခံမဲ ၁၆၁ မဲ၊ ကန့်ကွက်မဲ ၇၆ မဲဖြင့် ဂျပန်နိုင်ငံ အထက်လွှတ်တော်က ဥပဒေသစ်ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။ လာမည့် ဧပြီလကစပြီး စတင်အကျိုးသက်ရောက်မည့် အဆိုပါ ဥပဒေက ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် သူနာပြုလုပ်ငန်း ကဏ္ဍများတွင် နိုင်ငံခြားသားများကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်သည်။
နိုင်ငံခြားသား အလုပ်သမားများကို ဗီဇာအမျိုးအစားနှစ်မျိုးဖြင့် ဝင်ခွင့်ပြုသွားမည်ဖြစ်ပြီး ပထမအမျိုးအစားအရ ကျွမ်းကျင်မှုနှင့် ဂျပန်စကားပြောစွမ်းရည်ကို ကြည့်ပြီး ငါးနှစ် နေထိုင်အလုပ်လုပ်ခွင့်ပေးသွားမည် ဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ ကျွမ်းကျင်မှု အဆင့်မြင့် အလုပ်သမားများကို အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ်၊ နောက်ထပ် ငါးနှစ်သက်တမ်းတိုး နေထိုင်အလုပ်လုပ်ခွင့်ကို ပေးသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသား အရည်အချင်းတူများနှင့် တန်းတူ လုပ်အားခသတ်မှတ်ချက်ကို ဥပဒေသစ်က သတ်မှတ်ပြဋ္ဌာန်းထားခြင်းနှင့် ပတ်သက်ပြီး ရွှေ့ပြောင်းနေထိုင်သူ အလုပ်သမားများက စိုးရိမ်နေကြသည်။ ထို့ပြင် အလုပ်သမား ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်မတိုင်မီ တရားရေးဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းသွားဖွယ်ရှိသည်။
ည့်အပြင် ဂျပန်နိုင်ငံတွင် လက်ရှိ လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား အလုပ်သမား ၂၅၀,ဝ၀ဝ ဝန်းကျင်ခန့်ကို ကနဦးဆုံး စစ်ဆေးခြင်း၊ ရပ်ဆိုင်းခြင်းတို့ ပြုလုပ်သင့်သည်ဟု ထုတ်ပြန်ခဲ့သည်။ အလုပ်သမားများ လုပ်အားခနည်းပါးပြီး အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်ရသည့်အပြင် လေ့ကျင်သင်ကြားပေးမှုလည်း မရှိကြောင်းသိရသည်။

















