ဆက်ပိုရို (ဂျပန်)-၂၀၁၈ ခုနှစ် စက်တင်ဘာလ အစော ပိုင်းက ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတွင် အလွန်ပြင်းထန် သော မြေငလျင်တစ်ခုလှုပ်ခဲ့သည်မှာ သုံးလကြာခဲ့ပြီ ဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကျရောက်နေသော နေရာတွင် မြေပြိုမှုများကြောင့် လဲကျကုန်သော သစ်ပင် အမြောက်အမြားကို အသုံးပြုသူဦးရေ တစ်နေ့တခြား တိုးပွားလာခဲ့သည်။ ဂျပန်အစိုးရနှင့် ဟော့ကိုင်းဒိုးကျွန်း အစိုးရ၊ ဒေသခံ သစ်တောလုပ်ငန်းအဖွဲ့များနှင့် စက္ကူထုတ်လုပ်ရေးကုမ္ပဏီများသည် မြေငလျင်ဒဏ်ကြောင့် လဲကျနေသော သစ်ပင်များကို အကျိုးရှိစွာ အသုံးပြုရန် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ မီးဖိုများနှင့် ဇီဝဒြပ်ထုသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် လောင်စာအဖြစ်သို့ ထိုသစ်ပင်များကို ပြောင်းလဲ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ပြောင်းလဲမှု တစ်ရပ်ကို ပြုလုပ်ခြင်းအပြင် ၎င်းတို့မှ စက္ကူနှင့် ခွဲသစ်များထုတ်လုပ်ခြင်းများကို စီစဉ်ကြသည်။
သစ်ပင်တစ်ပင်၏ မည်သည့်အစိတ်အပိုင်းကိုမျှ အလဟဿ မစွန့်ပစ်ဘဲ လဲကျနေသော သစ်ပင်များကို စွမ်းအင်အရင်းမြစ်များအဖြစ် အသုံးပြုနိုင်ကြောင်း အသက် ၄၆ နှစ်အရွယ် တက်ဆူအို ကိုဘာယာရှီက သစ်လုံးပုံမျာကိုကြည့်ရင်း နိုဝင်ဘာလနောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ၎င်းသည် ဟော့ကိုင်းဒိုးကျွန်း မူကာဝါရှိ ကိုမာကိုမိုင် သစ်လုပ်ငန်းအဖွဲ့၏ ဟိုဘက်ဆု ထုတ်လုပ်မှု ဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သည်။
ပြင်းအား အဆင့် ၇ ရှိ မြေငလျင်တစ်ခု စက်တင်ဘာ ၆ ရက်၌လှုပ်ခဲ့ရာ ဟော့ကိုင်းဒိုးကျွန်းရှိ နေရာအမျိုးမျိုး၊ အဓိက အက်ဆူမာတွင် ကြီးမားသော မြေပြိုမှုများဖြစ်ခဲ့သည်။ ထိုမြေပြိုမှုများကြောင့် လဲကျနေသော သစ်ပင်များ အပါအဝင် တောင်ပေါ်သစ်တောမြေ ဟက်တာ ၄,၃၀ဝ ခန့်ပျက်စီးခဲ့ရသည်။ ဟော့ကိုင်းဒိုးကျွန်း စုစုပေါင်းမြေဧရိယာ၏ ၇၀ ရာခိုင်နှုန်းမှာ သစ်တောမြေဧရိယာဖြစ်ပြီး သစ်ထုတ် လုပ်ရေးစက်ရုံများစွာရှိသည်။ နိုဝင်ဘာလ၌ ဟော့ကိုင်းဒိုး အစိုးရနှင့် ဟော့ကိုင်းဒိုး ဒေသဆိုင်ရာ မြေရာဖွံ့ဖြိုးရေးဗျူရို၊ အခြေခံအဆောက်အအုံ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ပူးတွဲ၍ ဒေသခံ သစ်တောလုပ်ငန်းအဖွဲ့များနှင့် စက္ကူလုပ်ငန်းရှင်များကို လဲကျနေသော သစ်ပင်များ အကျိုးရှိရှိ အသုံးချရေးအတွက် ကွန်ရက်တစ်ခု ဖန်တီးရန် စီစဉ်ခဲ့ကြသည်။
သစ်ပင်များကို အလွန်သေးငယ်သော အပိုင်းအစ ကလေးများအဖြစ် ခွဲစိတ်ပြီး ဆလင်ဒါပုံလေးများအဖြစ် အပူနှင့် အခြားနည်းများကိုသုံး၍ ဖိနှိပ်ပြီး စေးကပ်သော ပစ္စည်းမပါဘဲ သစ်သားအလုံးများကို ထုတ်လုပ်သည်။ ဟိုဘက်ဆု ထုတ်လုပ်မှုဌာတွင် ထင်းရှူးပင်မျိုး သစ်ပင်များမှ သစ်လုံးများကို သစ်သားအဖြစ် ပြုလုပ်၍ ထွက်လာသော လွှစာမှုန့်များကို သစ်သားအလုံးများအဖြစ် အနီးအနားရှိ စက်ရုံတွင် ပြုလုပ်ကြသည်။
သစ်တောလုပ်ငန်း အေဂျင်စီအရ သစ်သားအလုံး တန်ချိန် ၂၁၀,ဝ၀ဝ ခန့်သည် ဂျပန်နိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ စွမ်းအင်အဖြစ် အသုံးပြုပြီး ၂၀၁၅ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်း ပိုများသည်။ ဆောက်လုပ်ရေးကုန်ကျစရိတ် အပါအဝင် မီးဖိုတစ်ခု၏ ကုန်ကျငွေမှာ ယန်း ၃၀ဝ,ဝ၀ဝ မှ ၅၀ဝ,ဝ၀ဝ အထိ ရှိနိုင်သည်။ ဟော့ကိုင်းဒိုးရှိ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များတွင် သစ်အလုံးများသုံးသည့် ပတ်ဝန်းကျင်ကို မထိခိုက်စေသောမီးဖိုများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများ စီစဉ်ပေးခဲ့သည်။ Nippon Paper Industries Co. က သစ်သားလောင်စာဖြင့် ကီလိုဝပ် ၇၅,ဝ၀ဝ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အား စက်ရုံတည်ဆောက်ရန် စီစဉ်ခဲ့သည်။

















