အတိုက်အခံများအား နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ထားမှု ရုပ်သိမ်းသည့် ဥပဒေကြမ်း ကမ္ဘောဒီးယားလွှတ်တော်အတည်ပြု

အတိုက်အခံများအား နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ထားမှု ရုပ်သိမ်းသည့် ဥပဒေကြမ်း ကမ္ဘောဒီးယားလွှတ်တော်အတည်ပြု

ထိပ်တန်းအတိုက်အခံနိုင်ငံရေးသမားများအား နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတစ်ခုကို ကမ္ဘောဒီးယားလွှတ်တော်က ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုလိုက်သည်။

န်ကြီးချုပ်ဟွန်ဆန်၏အစိုးရသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာအခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်နေကြောင်း စွပ်စွဲထားသည့် အနောက်နိုင်ငံများ ကျေနပ်လာစေရေးအတွက် လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီတို့သည် ကမ္ဘောဒီးယားအပေါ် သံတမန်ရေးအရ ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည်။

ယခုဥပဒေကြမ်းကြောင့် ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည့် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ( စီအင်န်အာရ်ပီ)၏ ထိပ်တန်း အဖွဲ့ဝင် ၁၁၈ ဦးသည် ပိတ်ပင်ချက်ကိုရုပ်သိမ်းပေးရန် လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ရုပ်သိမ်းမှုကို အသိအမှတ်ပြုသည့် နိုင်ငံရေးသမားများသည် အခွင့်အရေးရရှိမည်ဖြစ်ပြီး စော်ကားသည့် နိုင်ငံရေးသမားများ ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ဟွန်ဆန်က အထည်ချုပ်စက်ရုံဝန်ထမ်းများနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

အစိုးရသည် နိုင်ငံရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီး နိုင်ငံသားများသည် ၎င်းတို့ရပိုင်ခွင့်ဖြစ်သည့် ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးကျင့်သုံးခွင့် နယ်ပယ်ပိုမိုကျယ်ပြန့်လာရေးအတွက်  ပိတ်ပင်ချက်ကို ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိ်ုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဟွန်ဆန်၏ပါတီသည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံရေးပြိုင်ဘက်နှင့်ဆက်ဆံရေးအဆင်ပြေအောင် လုပ်ဆောင်ခဲ့သည်။

စီအင်န်အာရ်ပီခေါင်းဆောင် ခမ်ဆိုခါအပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆိုခါသည် ယခုအချိ်န်တွင် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်နေရသည်။

စီအင်န်အာရ်ပီဥက္ကဋ္ဌ ခမ်ဆိုခါ လွတ်လပ်မှုအပြည့်အဝပြန်လည်မရရှိသေးသရွေ့ နိုင်ငံရေးအခွင့်အရေးများကို စိတ်မဝင်စားကြောင်း ပြည်ပတွင် တိမ်းရှောင်နေသည့် စီအင်န်အာရ်ပီခေါင်းဆောင်ဟောင်း ဆမ်ရိုင်ဆေကပြောဆိုခဲ့သည်။