တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားစစ်သည်များသည် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်လက်နက်ကင်းမဲ့ဇုန်( ဒီအမ်ဇက်) ကို ချစ်ကြည်ရေးရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဖြတ်ကျော် မှုများကိုပြုလုပ်ခဲ့သည်။
နယ်စပ်တစ်လျှောက် ဒီအမ်ဇက်ရှိ ကင်းစခန်းများဖျက်သိမ်းခြင်းကို နှစ်ဖက်စစ်သားများက စစ်ဆေးခဲ့ခြင်းဖြစ်သည်။ နယ်စပ်ကိုမဖြတ်ကျော်မီတွင် နှစ်ဖက်စစ်သည်များသည် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်နေပုံများကို မီဒီယာများကဖော်ပြခဲ့သည်။
၁၉၅၀ ကျော်ကာလများတွင် ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ်နှစ်ပိုင်းကွဲသွားခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခြင်းမရှိသေးချေ။ တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် စစ်သည်နှင့် လက်နက်အပြည့်အစုံချထားသည့် နယ်စပ်ရှိ ကင်းစခန်းတချို့ကို ဖျက်သိမ်းရန် သဘောတူညီခဲ့ကြပြီးဖြစ်သည်။
နိုဝင်ဘာမှစ၍ ကိုရီးယားနှစ်နိ်ုင်ငံသည် ကင်းစခန်း ၁၀ ခုကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားစစ်ဆေးသူများသည် မြောက်ကိုရီးယားဘက်ခြမ်းရှိ ကင်းစခန်းတစ်ခုချင်းစီကို စစ်ဆေးခဲ့ပြီး မြောက်ကိုရီးယားစစ်ဆေးသူများကလည်း တောင်ကိုရီးယားဘက်ခြမ်းတွင် အလားတူလုပ်ဆောင်ခဲ့သည်။
နှစ်နိုင်ငံကွဲသွားစဉ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် တောင်နှင့်မြောက်ကိုရီးယားစစ်သည်များသည် နယ်စပ်ဖြတ်ကျော်မျဉ်းကိုဖြတ်ကျော်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လွန်ခဲ့သော ၁၂ ခန့်ကမူ ယင်းကဲ့သို့ဖြစ်ရပ်များမှာ စိတ်ကူးယဉ်ရန်ပင် မဖြစ်နိုင်ခဲ့ချေ။ ယမန်နှစ်နိုဝင်ဘာတွင် မြောက်ကိုရီးယားစစ်သည်တစ်ဦး နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းစဉ် ဒီအမ်ဇက်ကိုဖြတ်ကျော်ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ အောင်မြင်မှုမျိုးကိုရရှိရန် နှစ်နိုင်ငံခေါင်းဆောင်များသည် အပြင်းအထန်ကြိုးပမ်းခဲ့သော်လည်း အခက်အခဲကြီးတစ်ခုမှာမူ ကျန်ရှိနေသေးသည်။
မြောက်ကိုရီးယားက နျူခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရပ်တည်နေသရွေ့ ကိုရီးယားစစ်ပွဲ တရားဝင်ပြီးဆုံးကြောင်းကို သဘောတူမည်မဟုတ်သလို မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းဦးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားရှိ ရထားကွန်ရက်ကိုအဆင့်မြှင့်တင်ရေးသဘောတူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှ ရထားတစ်စင်း မြောက်ကိုရီးယားနိုင်ငံတွင်းသို့ လွန်ခဲ့သောလကဝင်ရောက်ခဲ့သည်။

















