ဂျပန်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကို သဘာဝဘေးနှစ်အဖြစ် သတ်မှတ်ကာ "သဘာဝဘေး"ဟူသော စာလုံးကို လူများစု မဲဆန္ဒဖြင့် ၂၀၁၈ ကိုယ်စားပြု စကားလုံးအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
ကျိုတိုမြို့ရှိ ရှေးဘုရားကျောင်းတွင် ဘုန်းတော်ကြီးက ပိတ်ဖြူပေါ်တွင် သဘာဝဘေးဟူသော စာလုံးကို ရေးသားနေပုံကို ဂျပန် ရုပ်သံမီဒီယာအများအပြားကလည်း ထုတ်လွှင့်ပြသခဲ့သည်။
ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း သဘာဝဘေးဒဏ် အများအပြား ရင်ဆိုင်ခဲ့ရသဖြင့် ယခုနှစ်ကို ကိုယ်စားပြုသော စကားလုံးကို အများပြည်သူထံ ဆန္ဒခံယူရာတွင်လည်း သဘာဝဘေးစာလုံးကို ဆန္ဒပြုသူ အများဆုံးဖြစ်ခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း ဂျပန်သည် ရေကြီး၊ တိုင်ဖွန်းမုန်တိုင်းဝင်၊ ငလျင်လှုပ်၊ အပူလှိုင်းဖြတ်ခြင်းများ ကြုံတွေ့ခဲ့ရကာ နိုင်ငံ့စီးပွားပါ ကျုံ့ခဲ့ရသည်။ တတိယသုံးလပတ် ဂျပန်စီးပွားသည် ရှေ့နှစ် ကာလတူနှင့်ယှဉ်လျှင် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဇူလိုင်တွင် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၀ဝ ကျော် သေဆုံးကာ စီရင်စု ၂၃ စုတွင် ပြည်သူ ကိုးသန်းခန့်ကို အရေးပေါ် ကယ်ဆယ်နေရာရွှေ့ပြောင်းပေးခဲ့ရသည်။
ထိုလမှာပင် အပူလှိုင်းဖြတ်မှုကြောင့်လည်း လူ ၆၅ ဦး သေဆုံးကာ ၂၂၀ဝ၀ ဦးကို ဆေးရုံတင် ကုသပေးခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်း ဂျဲဘီသည်လည်း ဂျပန် အနောက်ဘက် ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၁၇၂ ကီလိုမီတာ (တစ်နာရီ ၁၀၇ မိုင်) နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ၂၅ နှစ်အတွင်း ဂျပန်၌ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ခဲ့သည်။
နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးတွင်လည်း ရစ်ချက်တာစကေး ၆ ဒသမ ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

















