အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဟောင်း မိုက်ကယ် ကိုဟန်သည် ငွေကြေး မသမာမှုများဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံရပြီဖြစ်ပြီး၊ အလုပ်ရှင်ဟောင်းဖြစ်သူ သမ္မတ ဒေါ်နယ် ထရမ့်အတွက် ၎င်းက များစွာ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သည့်တိုင် ထရမ့်သည် ၎င်းအပေါ် ညစ်လွန်းလှကြောင်းဖြင့် မစ္စတာ ကိုဟန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြစ်တင်ပြောကြားသွားကြောင်းလည်း သိရသည်။
၂၀၁၆ ရွေးကောက်ပွဲ ရုရှား ခြေရှုပ်မှုနှင့် စပ်လျဉ်းပြီး အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာနှင့်အဖွဲ့က စုံစမ်းစစ်ဆေးနေမှုတွင် ထရမ့်၏ အတွင်းစည်းထဲမှ လူတစ်ဦး ပထမဆုံးအဖြစ် ထောင်ဒဏ်ချမှတ်ခံရခြင်းလည်း ဖြစ်သည်။
လွှတ်တော် စုံစမ်းစစ်ဆေးမှုများတွင် လိမ်ညာထွက်ဆိုခဲ့မှု၊ ရွေးကောက်ပွဲ ရန်ပုံငွေများ အလွဲသုံးစားမှု၊ အခွန်ရှောင်မှုများတွင် အပြစ်ရှိကြောင်း မစ္စတာ ကိုဟန်က ဝန်ခံခဲ့သည်။
နယူးယောက် တရားရုံးတွင် အသက် ၅၂ နှစ်အရွယ် မစ္စတာ ကိုဟန်က ၎င်း၏ အပြစ်များအတွက် သမ္မတ ထရမ့်အပေါ် ပုံချပြစ်တင်ခဲ့ကြောင်းလည်း တွေ့ရသည်။
မစ္စတာ ထရမ့်သည် ၎င်းကို အမှန်တရား အလင်းလမ်းကို ဦးဆောင်ရမည့်အစား အမှောင်လမ်းသို့ ဦးဆောင်ခေါ်ငင်ခဲ့ကြောင်းဖြင့် မစ္စတာ ကိုဟန်က တရားသူကြီး ဝီလျံ ပေါ်လေးကို ဒီဇင်ဘာ ၁၂ တွင် ပြောခဲ့သည်ကို တွေ့ရသည်။
မစ္စတာ ထရမ့်အပေါ် မျက်ကန်းယုံကြည်ခဲ့ကြောင်း၊ မစ္စတာ ထရမ့်၏ ညစ်လုံးများ၊ မသမာမှုများကို ဖုံးဖိပေးရန် ၎င်းတွင် တာဝန်ရှိသည်ဟု ခံယူခဲ့မိကြောင်းဖြင့် မစ္စတာ ကိုဟန်က ဖွင့်ဟပြောကြားခဲ့သည်။
မစ္စတာ ကိုဟန်သည် အထက်ပါ ထောင်ဒဏ်အပြင် မော်စကိုတွင် ထရမ့်တာဝါ စီမံကိန်း လုပ်ဆောင်နိုင်ခြေရှိမှုနှင့် ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးရာတွင် လိမ်ညာခဲ့မှုဖြင့်လည်း ထောင်ဒဏ် နှစ်လ ချမှတ်ခံရကာ တစ်ပေါင်းတည်း ကျခံရမည်ဖြစ်သည်။

















