ထရီဆာမေ ယုံကြည်ခံထိုက်မှုအဆို မဲခွဲမှု အောင်မြင်၊ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည်

ထရီဆာမေ ယုံကြည်ခံထိုက်မှုအဆို မဲခွဲမှု အောင်မြင်၊ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည်

ဗြိတိန်  ဝန်ကြီးချုပ် ထရီဆာ  မေသည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိသင့် မသင့် ယုံကြည်ခံထိုက်မှုအဆိုကို မဲခွဲရာတွင်  ထောက်ခံမဲ ၂၀ဝ ၊ ကန့်ကွက်မဲ ၁၁၇ ဖြင့် အောင်မြင်သဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မဲ ၆၃  ရာခိုင်နှုန်းထိ  ရရှိပြီးချိန်ကစတင်ကာ မစ္စ   မေသည်  လာမည့်နှစ်အထိ ခေါင်းဆောင်ရာထူးကို ဆက်လက်ထိန်းထားနိုင်သွားပြီဖြစ်သည်။

မဲခွဲမှု အောင်မြင်ပြီးနောက် ဒေါင်းနင်းလမ်း နေအိမ်တွင် မိန့်ခွန်းပြောကြားရာ၌ မစ္စ မေက ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်ခဲ့သော ဥရောပသမဂ္ဂမှ  ဗြိတိန် နုတ်ထွက်ရေး (ဘရဲဇစ်) ကို ဆက်လက်အကောင်အထည်  ဖော်သွားမည်ဖြစ်သလို၊ ကန့်ကွက်မဲ ထည့်ခဲ့ကြသော အမတ်များ၏  သဘောထားများကိုလည်း လေးစားအသိအမှတ်ပြုကာ ပြုပြင်သင့်သည်များကို ပြုပြင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မေက ပြောသည်။

ယုံကြည်ခံထိုက်မှုအဆိုကို မဲခွဲရာတွင်  လွှတ်တော်အမတ် သုံးပုံ တစ်ပုံ၏  ထောက်ခံမှုကို ဆုံးရှုံးခြင်းသည် ပါတီ  ရှေ့ရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်းလည်း နိုင်ငံရေး သုံးသပ်သူများက ထောက်ပြထားကြသည်။

ဝန်ကြီးချုပ် မေ၏  ဘရဲဇစ် အစီအစဉ်သည် ၂၀၁၆ ပြည်သူ့ဆန္ဒခံယူပွဲ သဘောထားကို သွေဖီရာ ရောက်သည်ဟုဆိုကာ ၎င်း၏ ပါတီမှ  လွှတ်တော်အမတ် ၄၈ ဦးက ဝန်ကြီးချုပ်အား ယုံကြည်ခံထိုက်မှု ရှိ မရှိ အဆိုကို တင်သွင်းမဲခွဲခဲ့ကြခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၃  ရက်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင်လည်း ဘရဲဇစ် အစီအစဉ် အပြောင်းအလဲများကို သဘောတူညီချက် ရရှိအောင် ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ် မေက ကတိပေး ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မေသည် ဘရဲဇစ် အစီအစဉ် သဘောတူချက်ကို ဥရောပသမဂ္ဂနှင့် ညှိနှိုင်းနိုင်လျှင်ပင် ဗြိတိန်လွှတ်တော်တွင် အတိုက်အခံများ၊ ၎င်းကိုဆန့်ကျင်နေသည့် ပါတီတွင်းမှ  အမတ်များ၏ သဘောတူထောက်ခံမှုကိုပါ ရရှိအောင် ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ်သည်။