အမေရိကန်အစိုးရသည် ၎င်းကို လုပ်ကြံသတ်ဖြတ်ကာ အစိုးရကို ဖြုတ်ချရန် ကြံစည်အားထုတ်နေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက စွပ်စွဲပြောကြားလိုက်သည်။
အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေး ဂျွန် ဘိုလ်တန်ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်တွင် ဦးဆောင်ပါဝင်နေကြောင်းလည်း သမ္မတ မာဒူရိုက စွပ်စွဲပြောကြားသော်လည်း သက်သေအထောက်အထား ထုတ်ပြခြင်းမရှိကြောင်း တွေ့ရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်သမ္မတ မာဒူရိုကို အာဏာရှင်အဖြစ် သတ်မှတ်ခေါ်ဝေါ်လျက်ရှိပြီး ဆန်ရှင်များလည်း ချမှတ်ထားသည်။
ယခု သီတင်းပတ်အတွင်း ဗင်နီဇွဲလားသို့ ရုရှား ဗုံးကြဲလေယာဉ်နှစ်စင်း ရောက်ရှိမှုကိုလည်း အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ထားသည်။
တူပီလက်ဗ် တီယူ-၁၆၀ လေယာဉ်သည် နျူကလီးယားလက်နက်များထိ တင်ဆောင်ပျံသန်းနိုင်စွမ်း ရှိသည်။
“ဂျွန် ဘိုလ်တန်က ကျုပ်ကို လုပ်ကြံဖို့ ဦးဆောင်အကွက်ချနေတာ။ ဗင်နီဇွဲလားမြေမှာ နိုင်ငံတကာတပ်တွေချပြီး အသွင်ကူးပြောင်းရေး အစိုးရပါဖွဲ့ဖို့ အားထုတ်နေတာ” ဟု သမ္မတ မာဒူရိုက သမ္မတအိမ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗင်နီဇွဲလား ပြည်သူများသည် မိတ်ဆွေနိုင်ငံများ၏ အကူအညီဖြင့် တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း သမ္မတ မာဒူရိုက ခြိမ်းခြောက်ပြောကြားသည်။
သမ္မတ မာဒူရိုသည် ယခင်ကလည်း ကိုလမ်ဘိယာနှင့် အမေရိကန်တို့သည် ၎င်းကို လုပ်ကြံရန် အားထုတ်နေကြောင်း စွပ်စွဲခဲ့ဖူးသည်။

















