တူရကီနိုင်ငံမြို့တော် အန်ကာရာရှိ ရထားဘူတာရုံတစ်ရုံ၌ ဒီဇင်ဘာ ၁၂ ရက်တွင် အမြန်ရထားတစ်စင်းပါဝင်သော ရထားတိုုက်မှုတစ်ခုကြောင့် လူ ခုနစ်ဦးထက်မနည်းသေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။
အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့သည့် ရထားတွဲဆိုင်းများမှ ဒဏ်ရာရရှိသူများကို အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက ကယ်ထုတ်နေပုံများကို မီဒီယာများကဖော်ပြခဲ့သည်။
အမြန်ရထားသည် အခြားရထားတစ်စင်းကိုဝင်တိုက်မိပြီးနောက် လူကူးကုန်းကျော်တံတားတစ်ခုကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရထားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဒေသခံဆိုင်ရာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမြန်ရထားသည် အန်ကာရာမှ နိုင်ငံအနောက်ပိုင်း ကိုညာမြို့သို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်သည်။
အန်ကာရာရှိ အဓိကဘူတာရုံမှ ရှစ်ကီလိုမီတာ ( ငါးမိုင်) အကွာရှိ မာဆန်ဒစ်ဘူတာရုံ၌ ရထားချင်းတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရထားတွဲဆိုင်းနှစ်ခု လမ်းချော်တိမ်းမှောက်ခဲ့ပြီး ကုန်းကျော်တံတားသည် ရထားပေါ်သို့ ပြိုလဲကျခဲ့ကြောင်း ပုဂ္ဂလိကပိုင် ရုပ်သံဌာန အင်န်တီဗွီက ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုများကိုစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗာဆစ် ဆာဟင်ကပြောဆိုခဲ့သည်။ ဇူလိုင်တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ကာပီကူလင်းမှ အစ္စတန်ဘူလ်သို့ထွက်ခွာလာသည့် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် ၂၄ ဦးသေဆုံးခဲ့သည်။

















