ဇူကာဘတ်ရဲ့ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖေ့စ်ဘွတ်ခ်

ဇူကာဘတ်ရဲ့ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖေ့စ်ဘွတ်ခ်

လူသန်းပေါင်းများစွာရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ၊ အိုင်လွန်းသတင်းနဲ့ တခြားအချက်အလက် စီးဆင်းမှုတွေကို လက်ဝါးကြီးအုပ်ထားခြင်းဟာ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ပဲဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့ပြင် ဖေ့စ်ဘွတ်ခ် အုပ်ချုပ်သူတွေကလည်း တာဝန်ရှိရှိ ဆောင်ရွက်ဖို့ရာ သူတို့ကို မယုံကြည်ထိုက်ဘူးဆိုတာ ထပ်ခါတလဲလဲ သက်သေထူနေပြန်တယ်။

ဖေ့စ်ဘွတ်ခ် ဥက္ကဋ္ဌ၊ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ မာ့ခ် ဇူကာဘတ်တစ်ယောက် ပြီးခဲ့တဲ့ မေလတုန်းက ဥရောပ ပါလီမန်မှာ လာရောက် အစစ်ဆေးခံစဉ်က "ခင်ဗျား ကုမ္ပဏီကို ထိန်းလို့မနိုင်တော့ဘူးလား"လို့ ဇူကာဘတ်ကို ကျွန်တော်မေးခဲ့တယ်။ ဇူကာဘတ်ကို လူကိုယ်တိုင် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့တဲ့ အနည်းငယ်မျှသော နိုင်ငံရေး သမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အဖို့ရာကတော့  ဒီလို တွေ့ခွင့်ရတာ ဝမ်းသာမိတယ်။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက ကျွန်တော့် မေးခွန်းတွေကို တစ်ခုမှ သူနှုတ်နဲ့ တိုက်ရိုက် ဖြေဆိုမသွားတဲ့ အချက်ပါပဲ။

ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာတစ်လွှားက နိုင်ငံရေးသမားတွေဟာ ဖေ့စ်ဘွတ်ခ်ရဲ့ အမြတ်ရဖို့အရေးသာ ဦးစားပေးလို့ တာဝန်ရှောင်ဖို့ အမြဲကြိုးပမ်းနေမှုတွေကို စိတ်အပျက်ကြီး ပျက်လာနေခဲ့ကြပါပြီ။ ကြေးကြီးကြီး ပေးထားရတဲ့ ဖေ့စ်ဘွတ်ခ်လော်ဘီသမားတွေရဲ့ ပဟေဠိဆန်ဆန် "ကိုယ်တိုင် ကြပ်မတ်ထိန်းချုပ်ခြင်း"ဆိုတဲ့ မနားတမ်း ရွတ်ဆိုလာတဲ့ လေလုံးတွေကလည်း တစ်မုဟုတ်ချင်း ပျောက်ချင်းမလှ ပျောက်သွားတော့တယ်။ အခုဆို အမေရိကန်ကွန်ဂရက်လွှတ်တော်နဲ့ ဥရောပ ပါလီမန်တို့ရဲ့ရှေ့မှောက်မှာ ဇူကာဘတ် အစစ်ဆေးခံခဲ့တာ လနဲ့ချီ ကြာမြင့်ခဲ့ပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ စပ်လျဉ်းလို့ အရေးကြီးတဲ့မေးခွန်းတွေအတွက် ဘာတစ်ခုမှ သူတို့ ကောင်းကောင်း ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခွင့်ပြုချက်မရှိဘဲ ရယူသွားတဲ့ ကိန်းဘရစ်ချ် အန်နလစ်တီကာ အရှုပ်တော်ပုံနဲ့စပ်လျဉ်းပြီး ဖေ့စ်ဘွတ်ခ်က ဘာတွေကို ဘယ်အချိန်မှာ သိထားသလဲဆိုတာ အဖြေ မရသေးဘူး။ ထို့အတူ သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် ဖေ့စ်ဘွတ်ခ်ကိုသုံးပြီး ပြည်ပကနေ ဘယ်အတိုင်းအတာအထိ ဝင်ရောက်စွက်ဖက်ခဲ့သလဲဆိုတာကလည်း မရှင်းမလင်းဖြစ်နေဆဲ။ ထို့အတူ ယူကေနိုင်ငံရဲ့ ဘရက်ဇစ် ဆန္ဒခံယူပွဲရလဒ်အပေါ်မှာကော ဖေ့စ်ဘွတ်ခ်က ဘာတွေ လွှမ်းမိုးခဲ့သလဲ။ စတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေ။

ဖေ့စ်ဘွတ်ခ်ပေါ်ကနေ အကန့်အသတ်မရှိ ပစ်မှတ်ထား ဝါဒဖြန့်ချိမှုတွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေအပေါ် အန္တရာယ် ကျရောက်နေဆဲပဲလား။ ဒီမေးခွန်းအတွက် အဖြေကို ဘယ်သူမှ မသိနိုင်။ အဓိက အကြောင်းရင်းကတော့ ဖေ့စ်ဘွတ်ခ်ကိုယ်တိုင်က ဒါကို ဖုန်းကွယ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ကာကွယ်မှုတွေ တိုးတက်အောင်လုပ်နေပါတယ်လို့ ပြောတာပါပဲ။ ဒါပေမဲ့ ကိန်းဘရစ်ချ် အန်နလစ်တီကာ အရှုပ်တော်ပုံကိစ္စကို ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့  ဥရောပ ပါလီမန်ရဲ့တောင်းဆိုချက်အပေါ် မလိုက်နာသေးတာကို ထောက်ချင့်ကြည့်မယ်ဆိုရင် လာမယ့် မေလမှာကျင်းပမယ့် ဥရောပ ပါလီမန် ရွေးကောက်ပွဲမှာလည်း အလားတူပဲ။  ပြည်ပ နှောင့်ယှက် ကြိုးကိုင်မှု အန္တရာယ်နဲ့ ကြုံရဖွယ်ရှိတယ်ဆိုတာ စိုးရိမ်မယ်ဆို စိုးရိမ်လို့ရတဲ့ အကြောင်းရင်းတွေ သေချာပေါက် ရှိနေပါတယ်။

ဥရောပကော်မရှင်ရဲ့ ]အမုန်းစကားနဲ့ သတင်းအမှား စစ်ဆေးထိန်းချုပ်မှုဆိုင်ရာ ကျင့်ဝတ်} သဘောတူညီချက်ကို ဖေ့စ်ဘွတ်ခ်အပါအဝင် ဒစ်ဂျစ်တယ် ကုမ္ပဏီကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်။ အဲဒီ ကျင့်ဝတ်ပြဋ္ဌာန်းချက်ဟာ အလွန်အားနည်းပြီးကုမ္ပဏီတွေအနေနဲ့ သူတို့ ကတိကဝတ်ကို ဘယ်အချိန်မှာ အပြီးအစီး ဖြည့်ဆည်းရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် မပါရှိဘူး။ ဒါ့ပြင်ပုဂ္ဂိုလ်ရေး အချက်အလက်ကို အလွဲသုံးစားလုပ်ရင် ဒဏ်ကြေးပေးလိုက်ရုံနဲ့ ကိစ္စမပြီးစေဖို့ပြဋ္ဌာန်းထားတဲ့ အီးယူရဲ့ ]အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်း}ကို အာဏာသက်ရောက်စေဖို့ ရင်းမြစ်တွေလည်း အများကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။

ထိုနည်းတူ နည်းပညာ ကုမ္ပဏီတွေကို တာဝန်ယူမှုရှိစေဖို့ အားကောင်းတဲ့ တရားစွဲဆိုရေး/ စုံစမ်းစစ်ဆေးရေးဌာန ဆိုတာမျိုးဥရောပမှာ မရှိသေးဘူး။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို အထူးစုံစမ်းစစ်ဆေးတဲ့ ရောဘတ်မူလာဆိုတာရှိတယ်။ သူက စွဲချက်တင်စရာတွေ၊ ပြစ်မှုထင်ရှားစီရင်မှုတွေ အများအပြား ချပြပြီး လူမှုမီဒီယာ ပါဝင်ပတ်သက်တဲ့ အမှုတွေမှာ အစိုးရရှေ့နေတွေကို လုပ်ပိုင်ခွင့်တွေ အပ်နှင်းဖို့လိုအပ်ကြောင်း လက်တွေ့ သရုပ်ပြသခဲ့တယ်။ ဥရောပကလည်း အမေရိကန်ကို အမီလိုက်ဖို့ အချိန်ကျနေပါပြီ။ ပထမဆုံးအနေနဲ့ မကြာသေးမီက ရွေးကောက်ပွဲတွေအပေါ် လူမှုမီဒီယာတွေက တစ်ဆင့် တိုက်ခိုက်မှုတွေအပြင် အွန်လိုင်းအချက်အလက်တွေ အလွဲသုံးစားလုပ်လို့ ဖြစ်လာတဲ့ မှုခင်းတွေကို စုံစမ်းစစ်ဆေးဖို့ အထူး အစိုးရရှေ့နေ ခန့်ထားသွားရမှာပါ။

ဒါ့ပြင် အီးယူမှာအရေးတကြီး လိုအပ်နေတာက အဖွဲ့ဝင်နိုင်ငံတွေအားလုံးမှာ သူတို့ဘာသာစကားမျိုးစုံနဲ့ ရုရှားက လုပ်ဆောင်နေတဲ့ သတင်းတုစစ်ဆင်ရေးကို ထောက်လှမ်းဆန်းစစ်မယ့် ခိုင်မာတဲ့စနစ်တစ်ခု ရေးဆွဲဖို့ အချက်။ ဒါမှသာ ရှေ့နေတွေ၊ ဥပဒေစိုးမိုးရေးအာဏာပိုင်တွေက ဒီတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ မဟာဗျူဟာကို ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ဟာ လူမှုမီဒီယာ ပေါ်မှာ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတစ်ခု စတင်ပေါ်ထွက်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ချက်ခြင်း ဖော်ထုတ်တားဆီးခြင်းအားဖြင့် လူမှု မီဒီယာကို သတင်းမှားဖြန့်ချိရေး ပလက်ဖောင်းအဖြစ် အသုံးချနေမှုကို ဟန့်တားသွားနိုင်မှာ ဖြစ်ပါတယ်။ အီးယူက ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ East StratCom Task Force  ကို လုပ်ငန်းချဲ့ထွင်ပြီး သံတမန်လုပ်ငန်းနဲ့ သီးခြားခွဲထုတ်ရမယ်။ အဲဒီဌာနရဲ့ သီးသန့်တာဝန်ဟာ သတင်းအမှားတွေကို ရှာဖွေ၊ ဆန်းစစ်၊ ဖော်ထုတ်ပြီး ဖွင့်ချဖို့အတွက်ပဲ ဖြစ်ရပါမယ်။

သို့သော် ရေရှည်မှာတော့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီအပေါ် အန္တရာယ် ကျရောက်လာနေတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တခြား ပလက်ဖောင်းတွေကို ကိုင်တွယ်ဖို့ ပွဲတွေ့ အသေချာဆုံး နည်းလမ်းက တစ်ခုတည်းပဲ ကျန်ရှိပါတယ်။ အဲဒါကတော့ ]ကြပ်မတ်ထိန်းချုပ်ခြင်း} ဆိုတာပါပဲ။ ဟိုးတစ်ချိန် ဘဏ်တွေရဲ့]ကိုယ်တိုင်ကြပ်မတ် ထိန်းချုပ်ခြင်း} ဆိုတဲ့ စနစ်ကြီးက ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ ငွေကြေးအကျပ်အတည်းကို မတားဆီးနိုင်ခဲ့ကြသလိုပဲ။ အခု နည်းပညာကဏ္ဍမှာလည်း ]ကိုယ်တိုင်ကြပ်မတ် ထိန်းချုပ်ခြင်း} ဆိုတာက ဖေ့စ်ဘွတ်ခ်ကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်လို့လာနေခဲ့ပြီ။

နည်းပညာကုမ္ပဏီကြီးတွေကို ကြပ်မတ်ထိန်းချုပ်တဲ့အခါ ]ပုဂ္ဂိုလ်ရေး အချက်အလက်များ လက်ဝါးကြီး အုပ်မှုဆိုင်ရာ ယှဉ်ပြိုင်မှုစည်းမျဉ်း}တွေကို ပြင်ဆင်မွမ်းမံတာနဲ့ စတင်သင့်ပါတယ်။ ဒါ့ပြင် အစိုးရဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ၊ အချက်အလက်တွေကို တွက်ချက်ဆန်းစစ်တဲ့ သင်္ချာဖော်မျူလာ အယ်လ်ဂိုရစ်သမ်နဲ့ ပတ်သက်ပြီး တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုအပိုင်းတွေအတွက် ကျွန်တော်တို့ စည်းကမ်းအသစ်တွေ ရေးဆိုဖို့လိုတယ်။ နောက်ဆုံး မတတ်သာရင် ဖေ့စ်ဘွတ်ခ်နဲ့ တချို့ နည်းပညာအင်အားကြီး ကုမ္ပဏီကြီးတွေကို ကုမ္ပဏီအသေးတွေအဖြစ် မဖြစ်မနေ ခွဲထုတ်ပစ်ဖို့ကိုလည်း စဉ်းစားတဲ့အထဲ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ဇူကာဘတ်ကို မေလတုန်းက ပြောခဲ့သလိုပါပဲ၊ သူဟာ သူ့ ဖန်တီးမှုကိုသူ မနိုင်မနင်း ဖြစ်နေပုံရတယ်။ သို့သော် သူ နိုင်နိုင်နင်းနင်း ဖြစ်နေတယ် ဆိုရင်တောင်မှပဲ ဇူကာဘတ် စိတ်ကူးထဲက ]ပိုမို ပွင့်လင်းပြီး ပိုမိုချိတ်ဆက်ထားတဲ့ကမ္ဘာ} ဆိုတဲ့ အယူအဆကို ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်သင့်ကြပါတယ်။ 

ဥပမာ” ကျွန်တော်တို့တစ်တွေ ရေးသမျှ စာလုံးတိုင်းကို သတင်းအတု ဟုတ်/မဟုတ်၊ အမုန်းစကား ဖြစ်/မဖြစ်ဆိုတာ အိန္ဒိယအပါအဝင် ကမ္ဘာတစ်လွှားက ဖေ့စ်ဘွတ်ခ်ရဲ့ ထောင်သောင်းချီတဲ့ လုပ်ခလစာနည်း ဝန်ထမ်းတွေက စိစစ်ဆုံးဖြတ်နေကြတဲ့ အဖြစ်သာ စဉ်းစားပုံဖော်ကြည့်နိုင်ပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေကို ကြပ်မတ်ထိန်းချုပ်တဲ့အခါ ပုဂ္ဂိုလ်ရေး အချက်အလက်များ လက်ဝါးကြီး အုပ်မှုဆိုင်ရာ ယှဉ်ပြိုင်မှုစည်းမျဉ်းတွေကို ပြင်ဆင်မွမ်းမံတာနဲ့ စတင်သင့်ပါတယ် ....

ဖေ့စ်ဘွတ်ခ်ဟာ သူ့ စီးပွားရေးကို အလွန်အမင်းကာကွယ်ချင်နေတဲ့အခါ သူ့ကို ထိပ်ဆုံးက ဝေဖန်နေသူ တစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးလုပ်ငန်းရှင်၊ ပရဟိတသမား ဂျော့ချ်ဆိုးရော့စ်ကို ဂျူးဆန့်ကျင်ရေးဝါဒီအဖြစ် တံဆိပ်ကပ်နိုင်ရေး သတင်းအမှားတွေဖြန့်ဖို့ မထင်မရှား လူထုဆက်ဆံရေး ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့တယ်လို့ မကြာသေးမီကပဲ နယူးယော့ခ်တိုင်းမ်သတင်းစာက ဖွင့်ချခဲ့တယ်။ သူတို့ရဲ့ဒီလို တရားလွန် အပြုအမူကို ကြည့်ခြင်းအားဖြင့် ဖေ့စ်ဘွတ်ခ်မှာ ဖုန်းကွယ်ထားတာတွေ မဟားတရား ရှိနေတယ်လို့ အဓိပ္ပာယ်ထွက်နေတယ်။ ဒါကြောင့်လဲပဲ ရုရှားရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ၂၀၁၄ ခုနှစ်ကတည်းက သိနေနိုင်တယ်ဆိုတာ ညွှန်ပြနေတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ဌာနတွင်း အီးမေးလ်တွေကို ယူကေ ပါလီမန်ကော်မတီ တစ်ခုက မကြာသေးမီကပဲ အရေးယူ သိမ်းဆည်းခဲ့ပါတယ်။

လူသန်းပေါင်းများစွာရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ၊ အိုင်လွန်းသတင်းနဲ့ တခြားအချက်အလက် စီးဆင်းမှုတွေကို လက်ဝါးကြီးအုပ်ထားခြင်းဟာ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ပဲဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့ပြင် ဖေ့စ်ဘွတ်ခ်အုပ်ချုပ်သူတွေကလည်း တာဝန်ရှိရှိ ဆောင်ရွက်ဖို့ရာ သူတို့ဟာ မယုံကြည်ထိုက် ဘူး ဆိုတာ ထပ်ခါတလဲလဲ သက်သေထူနေပြန်တယ်။ ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို စီမံမယ်၊ သူ့လုပ်ရပ်ကို အပြစ်ကင်းစင်အောင် လုပ်မယ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ ကတိကဝတ်တွေကို ကျွန်တော်တို့ ယုံကြည်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဖေ့စ်ဘွတ်ခ်ရဲ့ကိုယ်တိုင်ကြပ်မတ် ထိန်းချုပ်ခြင်းဟာ မျက်စိရှေ့မှာတင် ကျဆုံးသွားခဲ့ပြီ။ ဖေ့စ်ဘွတ်ခ်ကို ကြပ်မတ်ထိန်းချုပ်ဖို့သာလျှင် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဂိုင်းဗားဟော့ဖ်စတက်သည် ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ဥရောပ ပါလီမန်ရှိ Liberals and Democrats for Europe Group (ALDE)  ၏ ဥက္ကဋ္ဌ ဖြစ်သည်။ "ဤဆောင်းပါးသည် ဂိုင်းဗား ဟော့ဖ်စတက်၏ အာဘော်သာဖြစ်သည်။"