ဘရက်ဇစ်အစီအစဉ်အတွက် ပြန်လည်စေ့စပ်မည်မဟုတ်ဟု အီးယူခေါင်းဆောင်များက ဗြိတိန်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြ

ဘရက်ဇစ်အစီအစဉ်အတွက် ပြန်လည်စေ့စပ်မည်မဟုတ်ဟု အီးယူခေါင်းဆောင်များက ဗြိတိန်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြ

ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်ထွက်ခွာရေး (ဘရက်ဇစ်)အစီအစဉ်ကို ပြန်လည်စေ့စပ်ညှိနှိုင်းရန် လမ်းဖွင့်ထားခြင်း မရှိကြောင်း အီးယူခေါင်းဆောင်များက ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို ပြောဆိုခဲ့သည်။

ဗြိတိန်အောက်လွှတ်တော်တွင် ၄င်းအပေါ်ယုံကြည်မှုရှိထိုက်ကြောင်းအဆိုကို မဲခွဲဆုံးဖြတ်အောင်မြင်ပြီးနောက် ဝန်ကြီးချုပ်ထရီဆာမေက ဘရက်ဇစ်အစီအစဉ်ပြောင်းလဲရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဥရောပ ကော်မရှင်ဥက္ကဌ ယွန်းကလောက် ယွန်ကာကမူ ဘရက်ဇစ်အစီအစဉ်အား ရှင်းလင်းမှုပြုလုပ်သွားနိုင်သေည်လည်း ပြန်လည် ညှိနှိုင်းမည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အနေဖြင့် အလိုရှိသည်ကို ပိုမိုရှင်းလင်းစွာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပြီး ဥရောပကော်မရှင်သည် ဘရက်ဇစ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း ယွန်ကာက ပြောဆိုခဲ့သည်။

ထရီဆာမေသည် အီးယူထိပ်သီးစည်းဝေးပွဲတက်ရန် ဘရပ်ဆဲလ်သို့ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။

ယင်းထိပ်သီးစည်းဝေးပွဲတွင် ဗြိတိန်ပါလီမန်မှ လက်ယာဝါဒီများ၏ ဘရက်ဇစ်အစီအစဉ်ပါ မြောက်ပိုင်းအိုင်ယာလန်နှင့် နယ်စပ်အရေးကို ပြန်လည်ညှိနှိုင်းရန် မေက နည်းလမ်းရှာဖွေသွားမည်ဖြစ်သည်။

မေသည် ၄င်း၏ကွန်ဆာဗေးတစ်အမတ်များပါဝင်သည့်  ယုံကြည်ထိုက်မှုရှိကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သော်လည်း ၄င်း၏ပါတီဝင်အမတ်သုံးပုံတစ်ပုံကျော်က ၄င်းကိုဆန့်ကျင်မဲပေးခဲ့ကြသည်။ ယင်းကြောင့် ၄င်းအဆိုပြုပြီး အီးယူနှင့် သဘောတူညီထားသည့် ဘရက်ဇစ်အစီအစဉ်သည် လူကြိုက်မများလှကြောင်း ပေါ်လွင်နေသည်။

၂၀၂၂ ခုနှစ်တွင် ကျင်းပရန် သတ်မှတ်ထားသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ မေက ကွန်ဆာဗေးတစ်ခေါင်းဆောင်ရာထူးမှ ဆင်းပေးမည်ဟု ဟု ကတိပြုခဲ့သည်။

လက်ရှိအနေအထားတွင် ဘရက်ဇစ်အစီအစဉ်နှင့် ပတ်သက်၍ ဗြိတိန်ပါလီမန်အမတ်များအကြား နက်ရှိုင်းစွာ သဘောကွဲနေဆဲဖြစ်ပြီး မေသည် အားနည်းသည့်အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။