ပြင်သစ်၌ သုံးဦးသေဆုံးစေခဲ့သည့် ခရစ္စမတ်ဈေးသေနတ်သမား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်တိုး၍ ပစ်ခတ်ချေမှုန်းနိုင်

ပြင်သစ်၌ သုံးဦးသေဆုံးစေခဲ့သည့် ခရစ္စမတ်ဈေးသေနတ်သမား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်တိုး၍ ပစ်ခတ်ချေမှုန်းနိုင်

ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း၌ စထရက်စ်ဘရော့ ခရစ္စမတ်ဈေးအတွင်း သုံးဦးသေဆုံးခဲ့ရသည့် ပစ်ခတ်မှု ကျူးလွန်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှာဖွေရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ထိပ်တိုက်တိုးမိ၍ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ၄င်းအား အသေရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ကမ္ဘာလှည့်ခရီးသည်အလာများသည့် နေရာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ ပြင်းထန်စွာဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့သည်။ ယင်းနောက်သေနတ်သမား ထွက်ပြေးစဉ် ပြင်သစ်စစ်သည်လေးဦးနှင့် တွေ့ဆုံ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး လက်ကိုထိမှန်ခဲ့သည်။

သို့သော် ၄င်းသည် ဆက်လက်ထွက်ပြေးနိုင်ခဲ့ကာ တက္ကစီတစ်စီးကို ခြိမ်းခြောက်စီးနင်းပြီး ရဲစခန်းတစ်ခုတစ်ခုအနီးတွင် ကားပေါ်မှဆင်းကာ ရဲစခန်းကို ပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင် ရာချီဖြင့် သေနတ်သမား ရှာဖွေရေးစတင်ခဲ့ခြင်းဖြစ်သည်။

သံသယရှိသူသည် ပြင်သစ်နှင့် ဂျာမနီတွင် ရာဇဝတ်မှုများဖြင့် အလိုရှိနေသည့် ၂၉ နှစ်အရွယ် ချရက်ဖ်ချက်ကစ်ဆိုသူဖြစ်ပြီး ၄င်းအားလိုက်လံရှာဖွေနေစဉ် တပ်ဖွဲ့ဝင်သုံးဦးတို့က သံသယရှိသူတစ်ဦးကိုသတိပြုမိခဲ့ပြီး ရပ်ဆိုင်းရန်အမိန့်ပေးခဲ့ရာမှ ၄င်းက စတင်ပစ်ခတ်ခဲဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖာ ကက်စ်တနာက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် ပစ်ခတ်မှုအပြီးတွင် ချက်ကစ်၏မိဘများနှင့် ညီအစ်ကိုနှစ်ဦး အပါအဝင် လူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ချက်ကစ်သည် အစ္စလာမ္မစ် အစွန်းရောက်တစ်ဦးဖြစ်ရန်  အလားအလာရှိသူ စာရင်းဝင်လည်းဖြစ်၍ ပစ်ခတ်မှု ကျူးလွန်ခဲ့စဉ်က အလ္လာအက္ကဘာဟု ဟစ်ကြွေးခဲ့ကြောင်း ပြင်သစ်အကြမ်းဖက်မှုတိုက်ဖျက်ရေး အစိုးရရှေ့နေ ရီမိုင်ဟိန့်တ်ဇ်က ပြောဆိုသည်။

ချက်ကစ်၏ပစ်ခတ်မှုကြောင့် အာဖန်ဖွား ပြင်သစ်နိုင်ငံသားမွတ်စလင်တစ်ဦး၊ အငြိမ်းစားဘဏ်ဝန်ထမ်းတစ်ဦးနှင့် ကမ္ဘာလှည့်ခရီးသည် ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရသည်။