အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲရက် ၉၀ စစ်ပြေငြိမ်းရေး သဘောတူခဲ့ပြီးနောက်ပိုင်း ဦးဆုံးအကြိမ်အဖြစ် တရုတ်ကအမေရိကန် ပဲပိစပ် တန် ၁ ဒသမ ၁၃ သန်းကိုပြန်လည်စတင် ဝယ်ယူခဲ့ကြောင်းသိရသည်။
ဇူလိုင်လနောက်ပိုင်းကတည်းက တရုတ်သည် အမေရိကန် ပဲပိစပ် ဝယ်ယူမှုများကို ရပ်ဆိုင်းထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်အတွက် အထိအနာဆုံးကဏ္ဍသည် ပဲပိစပ်ကဏ္ဍဖြစ်သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် ပဲပိစပ် တင်သွင်းမှုအများဆုံးနိုင်ငံလည်း ဖြစ်သည်။ တရုတ်အစိုးရကပဲပိစပ်များအပေါ် အခွန်ကြီးလေးစွာကောက်ခံသဖြင့် အမေရိကန် ပဲပိစပ် လယ်သမားများ ကြီးစွာအထိနာခဲ့သည်။
;“ပဲပိစပ် တန် တစ်သန်းကျော် ပြန်စပြီးဝယ်တယ်ဆိုတာ တကယ်ကြီးမားတဲ့ တိုးတက်မှုပါ” ဟုအမေရိကန် စိုက်ပျိုးရေးဌာနဒုဝန်ကြီးစတိဗ် ကန်စကီကပြောသည်။<
တရုတ်ကတန် တစ်သန်းကျော် ပြန်လည်စတင် ဝယ်ယူခြင်းကို ကြိုဆိုခဲ့ကြသော်လည်း ထိုပမာဏသည် ပုံမှန်ကုန်သွယ်ရေးနှင့် ယှဉ်လျှင် နည်းလွန်းနေကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲပြေငြိမ်းသွားပြီဟု ပြောရန် မဖြစ်နိုင်သေးကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်သို့ အမေရိကန် စိုက်ပျိုးထွက်ကုန် ပို့ကုန်များအနက် ပဲပိစပ်သည် အများဆုံးဖြစ်ခဲ့ပြီး၊ တစ်ကမ္ဘာလုံးပဲပိစပ်ပို့ကုန်၏ ၆၀ ရာခိုင်နှုန်းရှိခဲ့သည်။ တရုတ်နိုင်ငံသည်လည်း မွေးမြူရေးတိရစ္ဆာန်များအား ကျွေးမွေးရန်အတွက် ပဲပိစပ်ကိုအားကိုးရလျက်ရှိသည်။
ကမ္ဘာပေါ်တွင် ဘရာဇီးသည် ပဲပိစပ် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သော်လည်း တရုတ်သည် သီးနှံရာသီချိန်ကိုလိုက်၍ အမေရိကန်ကိုလည်း အားကိုးရလျက်ရှိသည်။

















