ဗင်နီဇွဲလားနိုင်ငံရှိ တစ်နိုင်ငံလုံးဖြန့်ချိပြီး အစိုးရဆန့်ကျင်ရေးသတင်းစာများအနက် နောက်ဆုံးသတင်းစာဖြစ်သည့် အီလ်နာစီယိုနယ်သည် အစိုးရ၏မရပ်မနားဖိအားပေးမှုနှင့် စက္ကူပြတ်လပ်မှုများကြောင့် ပုံနှိပ်ထုတ်ဝေမှုကိုရပ်ဆိုင်ပြီး ဒီဂျစ်တယ်သတင်းစာအဖြစ်သာ ဆက်လက်လည်ပတ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၇၅ နှစ်ကြာ ပုံနှိပ်ထုတ်ဝေခဲ့သည့် အီလ်နာစီယိုနယ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် နောက်ဆုံးစာစောင်ကို ထုတ်ဝေခဲ့သည်။ စာဖတ်သူများအတွက် စုံစမ်းဖော်ထုတ်သတင်းများကို ဆက်လက်တင်ဆက်နေဦးမည်ဖြစ်ကြောင်း အယ်ဒီတာများနှင့် သတင်းထောက်များကပြောဆိုခဲ့သည်။
တစ်ချိန်က ရေနံဖြင့် ကြွယ်ဝခဲ့သော်လည်း အစိုးရ၏စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်ကာ လူသုံးကုန်ပစ္စည်းများအပါအဝင် လူမှုဘဝလိုအပ်ချက်များပြတ်လပ်နေသည့် ဗင်နီဇွဲလား၌ အီလ်နာစီယိုနယ်သည် အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်မှုများကြောင့် နာမည်ကျော်ကြားခဲ့သည်။
ကွယ်လွန်သူ သမ္မတဟောင်း ဟူးဂိုးချာဗက်စ်နှင့် လက်ရှိသမ္မတ နီကိုလပ်စ်မာဒူရိုတို့သည် မီဒီယာနှင့် ဆက်ဆံရေးပြေလည်ခြင်းမရှိခဲ့ဘဲ ဂျာနယ်လစ်များသည် အစိုးရဆန့်ကျင်ရေးလုပ်ဆောင်မှုများကို အားပေးအားမြှောက်ပြုနေပြီး သတင်းတုများကို ပုံနှိပ်ဖော်ပြနေကြောင်း စွပ်စွဲခဲ့သည်။
မကြာသေးမီနှစ်များအတွင်း စက္ကူကို ပြည်ပမှ တင်သွင်းနိုင်မှုမရှိခြင်းနှင့် မီဒီယာကုမ္ပဏီများ စီးပွားရေးအကျပ်ရိုက်ခြင်းကြောင့် အီလ်နာစီယိုနယ်ကဲ့သို့ သတင်းစာများစွာ ပုံနှိပ်ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရပြီးဖြစ်သည်။
အခြားသတင်းစာများထက် ပိုကြာကြာ ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ဆက်လက်တောင့်မခံနိုင်တော့ကြောင်း အီလ်နာစီယိုနယ်၏အမှုဆောင်အရာရှိချုပ် မီဂယ် အိုတဲရိုကပြောဆိုခဲ့သည်။
သတင်းစာရှိ သတင်းသမား ၅၀ ဦးသည် အလုပ်အကိုင်နေရာကို ဆုံးရှုံးမည်မဟုတ်သော်လည်း ပုံနှိပ်တိုက်ဝန်ထမ်း ၈၀ ဦးအတွက်မှာ အနာဂတ်မှာ မရေရာသေးချေ။
;ဗင်နီဇွဲလား၌ ဂျာနယ်လစ်များသည် ထောင်ဒဏ်ချမှတ်မည်ဆိုသည့် အစိုးရ၏ခြိ်မ်းခြောက်မှုများဖြင့် အလုပ်လုပ်ရပြီး တချို့သည်လည်း လုံခြုံရေးအတွက် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
အစိုးရအပေါ် အကြည်ညိုပျက်စေသည့် အကြောင်းအရာများကို ပုံနှိပ်ဖော်ပြပါက ထောင်ဒဏ် နှစ် ၂၀ အထိပါ ချမှတ်နိုင်မည့် ဥပဒေကြမ်းတစ်ခုကို အစိုးရလိုလားသူများသာပါဝင်သည့် ဖွဲ့စည်းပုံညီလာခံက ယမန်နှစ်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

















