လွှတ်တော်ကိုဖျက်သိမ်းခဲ့သည့်သမ္မတ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သီရိလင်္ကာတရားလွှတ်တော်ချုပ်ဆုံးဖြတ်

လွှတ်တော်ကိုဖျက်သိမ်းခဲ့သည့်သမ္မတ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သီရိလင်္ကာတရားလွှတ်တော်ချုပ်ဆုံးဖြတ်

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာက လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း သီရိလင်္ကာတရားလွှတ်တော်ချုပ်က ဒီဇင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

;လွှတ်တော်သက်တမ်း လေးနှစ်ခွဲရောက်ပြီးမှသာ လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိနေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်တွင် ဖော်ပြထားပြီးဖြစ်သောကြောင့် သမ္မတသည် သက်တမ်းနုသေးသည့် လွှတ်တော်ကို ဖျက်သိမ်းခွင့်မရှိကြောင်း တရားသူကြီးခုနစ်ဦးပါဝင်သည့် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာတွင် သီရိသေနာသည် ရာနီး ဗစ်ကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချပြီး ၎င်း၏နေရာတွင် သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် နိုင်ငံတွင်း နိုင်ငံရေးအရ အကျပ်အတည်းများရှိလာခဲ့သည်။

နိုင်ငံရေးနှုန်းစံများအရ သီရိသေနာသည် တရားလွှတ်တော်ချုပ်၏ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်သော်လည်း တရားလွှတ်တော်ချုပ်သည် သမ္မတလိုက်နာလာရေး ဖိအားပေးခွင့်မရှိချေ။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် မကြာမီတွင် ရာဇပါကသသည် လွှတ်တော်တွင်း အမတ်အများစု၏ထောက်ခံမှုကိုရရှိရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ရာဇပါကသသည် လွှတ်တော်တွင်း အယုံအကြည်မရှိအဆိုနှစ်ကြိမ်တင်သွင်းခံခဲ့ရပြီး ၎င်းနှင့် ဝန်ကြီးများ၏အသုံးစရိတ်များလည်း ဖြတ်တောက်ခံခဲ့ရပြီးဖြစ်သည်။

သို့သော် သီရိသေနာသည် ဗစ်ကရာမာဆင်ဂဲကို ပြန်လည်ခန့်အပ်ရန်တောင်းဆိုမှုများကို လျစ်လျူရှုနေဆဲဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်တွင် ဗစ်ကရာမာဆင်ဂဲသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် အမတ်နေရာ ၂၂၅ ရှိသည့် လွှတ်တော်တွင်း ထောက်ခံမဲ ၁၁၇ ခုရရှိခဲ့သည်။

လွှတ်တော်အမတ်များသည် သီရိသေနာကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်သော်လည်း ယင်းသို့လုပ်ဆောင်ရန် လွှတ်တော်တွင်း ထောက်ခံမဲ သုံးပုံနှစ်ပုံရရှိရန်လိုအပ်နေသည်။