အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖခင်နှင့်အတူ တရားမဝင် ဖြတ်ကျော်ကာ အမေရိကန်နယ်နမိတ်အတွင်း ထိန်းသိမ်းခံရသော ဂွာတီမာလာ နိုင်ငံသူမိန်းကလေးတစ်ဦး ထိန်းသိမ်းခံရပြီး နာရီပိုင်းအတွင်းမှာပင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။
မိန်းကလေးသည် ရေဓာတ်ပြတ်လပ်မှု၊ ထိတ်လန့်စရာအများအပြား ကြုံရမှုတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။
မိန်းကလေးသည် ရက်ပေါင်းများစွာကြာအောင် အစာရေစာငတ်ပြတ်နေခဲ့ကြောင်းလည်း အေပီသတင်းဌာနက နယ်စပ်တာဝန်ရှိသူများ၏ ပြောစကားကိုကိုးကားဖော်ပြထားသည်။
ထောင်ချီသောခိုလှုံသူများသည် ဗဟိုအမေရိကဒေသများမှ အမေရိကန်နယ်စပ်အရောက် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်ဆာဗေဒိုးစသည့် ဇာတိနိုင်ငံများတွင် ဆင်းရဲငတ်မွတ်မှု၊ အကြမ်းဖက်မှု၊ အစိုးရ၏ တရားရေးအရဖိနှိပ်မှုများဒဏ်မှ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ခိုလှုံသူများက ဆိုထားသည်။
ခိုလှုံသူများက ၎င်းတို့ရည်ရွယ်ချက်သည် အမေရိကန်မြေတွင် အခြေချရန်ဖြစ်ကြောင်းဆိုထားပြီး၊ အမေရိကန် အစိုးရကမူ နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်သူတိုင်းကိုတွေ့ရှိသည်နှင့် ဖမ်းဆီး၊ အရေးယူကာ ပြည်နှင်ဒဏ်ပေးမည်ဟု ကြေညာထားသည်။
မိန်းကလေးသေဆုံးမှုနှင့် စပ်လျဉ်းပြီးအမေရိကန် အာဏာပိုင်များဘက်က တစ်စုံတစ်ရာမှတ်ချက်ပေးထုတ်ပြန်ခြင်း မရှိသေး။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ခိုလှုံသူ ၇၅၀ဝ ဝန်းကျင် ရောက်ရှိလာသဖြင့် အမေရိကန်- မက္ကဆီကိုနယ်စပ်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

















