လူကြိုက်များ ဂျပန်ကာတွန်းကား နှစ် ၃၀ ကြာမှ တရုတ်၌ ရုံတင်ခွင့်ရ

လူကြိုက်များ ဂျပန်ကာတွန်းကား နှစ် ၃၀ ကြာမှ တရုတ်၌ ရုံတင်ခွင့်ရ

၁၉၈၈ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး လူကြိုက်များလှသည့် ဂျပန် ကာတွန်းကား My Neighbour Totoro သည် စတင်ဖြန့်ချိပြသသည်မှ နှစ်ပေါင်း ၃၀ ပြည့်ချိန်တွင်မှ တရုတ်နိုင်ငံတွင် ပထမဆုံးအဖြစ် ရုံတင်ပြသခွင့် ရရှိခဲ့သည်။

;ထူးချွန်ဆုများစွာ ရရှိခဲ့သည့် ထိုကာတွန်းကားကို ဂီဘလီစတူဒီယိုက ထုတ်လုပ်ကာ ဒါရိုက်တာဟေယောင် မီယာဇာကီက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ညီအစ်မနှစ်ဦးသည် ချစ်စဖွယ် သတ္တဝါဆန်း တိုးတိုးရောနှင့် အခြားတောကောင်များနှင့် ဆုံတွေ့ခဲ့ပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုကာတွန်းကားကို တရုတ်နိုင်ငံတွင်လည်း လူကြိုက်များသည့်တိုင် တရားဝင် ရုံတင်ပြသနိုင်ခဲ့ခြင်းမရှိခဲ့။

တရုတ်နိုင်ငံသားများသည် ထိုကာတွန်းကားကို ဒီဗွီဒီခွေဖြင့်လည်းကောင်း၊ အင်တာနက်ပေါ်မှ ဒေါင်းလုဒ်ဆွဲ၍လည်းကောင်း ကြည့်ရှုခဲ့ကြသည်။ ယခုကာတွန်းကားသည် ဂီဘလီစတူဒီယို၏ ဇာတ်ကားများအနက် တရုတ်နိုင်ငံတွင် ပထမဆုံး ပြသခွင့်ရသောဇာတ်ကားလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် ပြည်ပဇာတ်ကားများ ပြသခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

စစ်ကာလဂျပန်နှိပ်စက်မှု ခံစားချက်များသည်လည်း တရုတ်နိုင်ငံသားများထံတွင် စွဲကျန်နေဆဲဖြစ်ကာ ဂျပန်ဆန့်ကျင်ရေးစိတ်ထားများလည်း ရှိနေဆဲဖြစ်သည်။ ဂျပန်သည် ၁၉၃၁ က စတင်ကာ တရုတ်မြေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး စစ်ကြီးပြီးချိန် ၁၉၄၅ ခုနှစ်အထိ တရုတ်နိုင်ငံသား သန်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်။

တိုတိုရိုကာတွန်းကား ဒါရိုက်တာဟေယောင်  မီယာဇာကီသည် စစ်ကာလဂျပန်စစ်တပ်များ၏  ကြမ်းကြုတ်မှုများကို အစဉ်တစိုက် ရှုတ်ချခဲ့သူဖြစ်သောကြောင့် တရုတ် အာဏာပိုင်များသည် ၎င်းအပေါ်တွင် သဘောထားပျော့ပျောင်းသည့် သင်္ကေတအဖြစ် ပြသခွင့်ပြုခြင်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။