ဆီးရီးယားပြည်တွင်းစစ် အရှိန်လျော့ကျနေပြီဖြစ်သော်လည်း နိုင်ငံတွင်းရှိ ကလေးနှစ်သန်းသည် စာသင်ကျောင်းတက်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂနိုင်ငံတကာကလေးများအရေးပေါ်ရန်ပုံငွေံ( ယူနီဆက်ဖ်)၏အကြီးအကဲက ဒီဇင်ဘာ ၁၃ ရက်တွင်ပြောဆိုခဲ့သည်။
ယူနီဆက်ဖ်သည် ယခုနှစ်အတွင်း ရန်ပုံငွေ ဒေါ်လာ ၉၅ သန်းကိုလိုအပ်နေပြီး ၂၀၁၉ ခုနှစ်တွင် ဒုက္ခသည်များ ဆီးရီးယားသို့ပြန်လာနိုင်ခြေရှိသောကြောင့် ယူနီဆက်ဖ်သည် နောက်ထပ်ငွေများစွာလိုအပ်လာမည်ဖြစ်ကြောင်း ယူနီဆက်ဖ်၏အမှုဆောင်ဒါရိုက်တာ ဟင်နရစ်တာဖောက ပြောဆိုခဲ့သည်။
စစ်ပွဲကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများသို့ ကျောင်းသားများပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ကျောင်းများတွင် ပြတင်းပေါက်များ၊ တံခါးမကြီးများပင်မရှိကြောင်း ဖောက ဆီးရီးယားသို့သွားရောက်ခဲ့ပြီးနောက်ပြောဆိုခဲ့သည်။
ဖောသည် ငါးရက်ကြာခရီးစဉ်အတွင်း ဒမတ်စကတ်မြို့အရှေ့ဘက်ရှိ ဆင်ဖြေဖုံး ဒိုမာ၊ တောင်ပိုင်းခရိုင် ဒါရာ၊ ဟွမ်စ်နှင့် ဟာမာခရိုင်များရှိ နေရာတချို့သို့သွားရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်တွင် စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်သည် ကလေးများအပေါ် ဆိုးရွားသော သက်ရောက်မှုများရှိခဲ့သည်။
လွန်ခဲ့သော ခုနစ်နှစ်အတွင်း သေဆုံးခဲ့သည့် လူငါးသိန်းအနက် ၂၀၈၁၉ ဦးသည် ကလေးများသို့မဟုတ် ဆယ်ကျော်သက်များဖြစ်ကြကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားရှိ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကပြောဆိုခဲ့သည်။
စစ်ပွဲကြောင့် ကလေးများအပါအဝင် လူ တစ်သန်းကျော် ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်မှုများစွာနှင့် ကြုံတွေ့ခဲ့ရသည့် ကလေးများအား စိတ်ပိုင်းဆိုင်ရာအကူအညီပေးရန်နှင့် မိုင်းအန္တရာယ်သတိပေးရေးလှုပ်ရှားမှုတစ်ခုကို ယူနီဆက်ဖ်နှင့် မိတ်ဖက်အဖွဲ့အစည်းများက လုပ်ဆောင်နေပြီဖြစ်သည်။ မပေါက်ကွဲသေးသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်ပတ်သက်၍ ကလေးသုံးသန်းခန့်အား ပညာပေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ဖောကပြောဆိုခဲ့သည်။ ဆီးရီးယားရှိ ကျောင်းထွက်နှုန်းသည် ၂၉ ရာခိုင်နှုန်းရှိနေကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။

















