သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ၄င်း၏အစိုးရသည် အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်ပြီး သြစတြေလျသံရုံးကိုမူ တဲလ်အဗစ်မှ ပြောင်းရွှေ့ဖွင့်လှစ်မည် မဟုတ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက် မရမချင်း အနောက်ဂျေရုဆလင်သို့ အစ္စရေးနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ပြောင်းရွှေ့ဖွင့်လှမ်မည်မဟုတ်သကဲ့သို့ အရှေ့ဂျေရုဆလင်ကို နိုင်ငံမြို့တော်အဖြစ်ထားရှိလိုသည့် ပါလက်စတိုင်းတို့၏ ပြင်းပြသောဆန္ဒကိုလည်း အသိအမှတ်ပြုကြောင်း မောရစ်ဆန်က ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် လစ်ဘရယ်ဒီမိုကရေစီထွန်းကားရေး သြစတြေးလျက အထောက်အကူပေးသွားမည် ဖြစ်ကြောင်းလည်း မောရစ်ဆန်က ပြောဆိုခဲ့သည်။
အမေရိကန်တို့ ဆယ်စုနှစ်ချီထားရှိခဲ့သည့် နိုင်ငံခြားရေးမူဝါဒကိုပြောင်းပြန်လှန်လျက် သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံရုံးကိုလည်း မေလက ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ဂွာတီမာလာနှင့် ပါရာဂွေးတို့သည်လည်း ၄င်းတို့သံရုံးများကို ဂျေရုဆလင်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ပါရာဂွေးတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဂျေရုဆလင်ပြဿနာသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အရေးအပါဆုံးဖြစ်သည်။ အစ္စရေးတို့က ဂျေရုဆလင်တစ်ခုလုံးကို ထာဝရခွဲခြားမရသည့် ၄င်းတို့မြို့တော်အဖြစ် ကြေညာထားပြီး အစ္စရေးတို့ ၁၉၆၇ ခုနှစ်တွင် သိမ်းယူခဲ့သည့် အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းတို့က အနာဂတ်ပါလက်စတိုင်းနိုင်ငံတော်၏မြို့တော်အဖြစ် တောင်းဆိုထားသည်။ ယင်းအချိန်မှစ၍ အစ္စရေးတို့သည် အရှေ့ဂျေရုဆလင်တွင် ဂျူးလူမျိုးနှစ်သိန်းခန့်အတွက် အိမ်ရာများတည်ဆောက်ခဲ့သည်။
၁၉၉၃ ခုနှစ် အစ္စရေးပါလက်စတိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်အရလည်း ဂျေရုဆလင်သည် အစ္စရေးမြို့တော် အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခြင်းမရှိခဲ့ဘဲ နောက်ထပ်ဆွေးနွေးရဦးမည့်ခေါင်းစဉ်အဖြစ် သတ်မှတ်ထားခဲ့သည်။

















