စစ်သွေးကြွများအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲ၍ ဆိုင်းငံ့ထားသည့် ယူနီဆက်အဖွဲ့၏လုပ်ငန်းများ နိုင်ဂျီးရီးယားစစ်တပ်ပြန်လည်ခွင့်ပြု

စစ်သွေးကြွများအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲ၍ ဆိုင်းငံ့ထားသည့် ယူနီဆက်အဖွဲ့၏လုပ်ငန်းများ နိုင်ဂျီးရီးယားစစ်တပ်ပြန်လည်ခွင့်ပြု

နိုင်ငံအရှေ့မြောက်ဘက်တွင် အစ္စလာမ္မစ်စစ်သွေးကြွများအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲကာ လုပ်ငန်း လုပ်ဆောင်မှု ဆိုင်းငံ့ခံခဲ့ရသည့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ကို နိုင်ဂျီးရီးယားစစ်တပ်က လုပ်ငန်း ပြန်လည်လုပ်ဆောင်ခွင့်ပြုခဲ့သည်။

နိုင်ဂျီးရီးယားတွင် အစ္စလာမ္မစ်အခြေခံဝါဒီ ဘိုကိုဟာရမ် သောင်းကျန်းမှုကြောင့် ပြည်သူသန်းချီ အိုးအိမ်စွန့်ခွာခဲ့ရပြီး အရှေ့မြောက်ဘက်ဒေသ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီများအပေါ်တွင်သာ မှီခိုနေရသည်။

ယူနီဆက်ဖ်သည် ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂူရီတွင် သောင်းကျန်းသူထောက်ခံသူများကို လေ့ကျင့်ပေးခြင်းနှင့် စာနာမှုပြသခြင်းဖြင့် သောင်းကျန်းသူများအတွက် သူလျှိုလုပ်ပေးရာရောက်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ဒီဇင်ဘာ ၁၄ ရက်၌ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
    ယင်းသို့စွပ်စွဲခဲ့ပြီးနောက်တွင် စစ်ဘက်နှင့် ယူနီဆက်ဖ်ကိုယ်စားလှယ်များနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ကာ ယူနီဆက်ဖ်၏လှုပ်ရှားမှုများက ဘိုကိုဟာရမ်ကဲ့သို့ အစွန်းရောက်စစ်သွေးကြွများကို တိုက်ခိုက်မှုကို ထိပါးစေသည့်အတွက် သတိပေးနှိုးဆော်ကြောင်း ထုတ်ပြန်လျက် ယာယီပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
    လူ ခုနစ်သန်း အကူအညီလိုအပ်နေပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်ဆိုက်နေသည့် နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားတွင် ပဋိ်ပက္ခအတွင်းပိတ်မိနေသည့် ကလေးများကိုကူညီရန် အာရုံစိုက်နေသည့် ယူနီဆက်ဖ်အဖွဲ့ကမူ တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
    နိုင်ဂျီးရီးယားစစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း အဖွဲ့အစည်းများစွာတို့က လွန်ခဲ့သည့် နှစ်များစွာအတွင်း စွပ်စွဲခဲ့သည်။ 
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကလည်း ဘော်နိုပြည်နယ်အုပ်ချုပ်ရေးမှူးက ယူနီဆက်ဖ်နှင့် အခြား အကူအညီပေးရေးအုပ်စုများသည် ဘိုကိုဟာရမ်ထကြွမှုကြောင့် ထွက်ပြေးသူများကိုကူညီရန် ရရှိသည့်ရန်ပုံငွေများမှ အမြတ်ထုတ်နေကြောင်း စွပ်စွဲခဲ့သည်။

ယင်းနောက် အုပ်ချုပ်ရေးမှူးက ၄င်း၏မှတ်ချက်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။
    ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် နိုင်ဂျီးရီးယားစစ်တပ်သည် မိုင်ဒူဂူရီမြို့ရှိ ကုလသမဂ္ဂရုံးဝင်းကို စီးနင်းဝင်ရောက်၍ ဘိုကိုဟာရန် အဖွဲ့ဝင်များကို ရှာဖွေခဲ့သည်။