ပေါ့အဆိုတော် ရှာကီရာသည် ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း ယူရို ၁၄ ဒသမ ၅ သန်း( ဒေါ်လာ ၁၆ ဒသမ ၃ သန်း) ကို အခွန်အဖြစ်ပေးဆောင်ရန်ပျက်ကွက်ခဲ့မှုဖြင့် စပိန်ဥပဒေအရာရှိများက တရားစွဲဆိုလိုက်ပြီဖြစ်သည်။
ကိုလံဘီယာနိုင်ငံသူ ရှာကီရာကမူ စွပ်စွဲမှုများမှန်ကန်ခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ အဆိုပါကာလအတွင်း ရှာကီရာသည် အခွန်ရည်ရွယ်ချက်ဖြင့် ဘဟားမားစ်ကျွန်းစုအား တရားဝင်နေထိုင်ရာနေရာအဖြစ် သတ်မှတ်ဖော်ပြခဲ့သော်လည်း တကယ်တမ်းတွင် ယင်းကာလအတွင်း ချစ်သူ စပိန်ဘောလုံးသမား ဂျရဲပစ်ခ်နှင့်အတူ စပိန်တွင် နေထိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားစွဲဆိုမှုတွင်ဖော်ပြထားသည်။
အခွန်ဆောင်ရသည့်ပမာဏနှင့်ပတ်သက်လျှင် စပိန်ထက် ဘဟားမား၌ ပိုမိုသက်သာမှုရှိသည်။ ဥပဒေအရာရှိများ၏တရားစွဲဆိုမှုတွင်ဖော်ပြထားသည့် အချိန်ကာလလအတွင်း ၎င်းသည် စပိန်တွင် တရားဝင်နေထိုင်နေခြင်းမရှိသောကြောင့် စပိန်အခွန်အာဏာပိုင်များကို ပေးဆောင်စရာမရှိကြောင်း၊ စပိန်အခွန်အာဏာပိုင်များသည် အခြားလူများ အခွန်ဆောင်လာရေးအတွက် ၎င်းကို အသုံးချနေခြင်းဖြစ်ကြောင်း ရှာကီရာက ကိုယ်စားလှယ်များမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ရှာကီရာသည် ပြည်ပသို့ ခရီးတိုများသွားရောက်ခဲ့သော်လည်း ဖော်ပြထားသည့် ကာလအတွင်း စပိန်၌သာ အနေများခဲ့ကြောင်း ဘာစီလိုနာရှိ ဥပဒေအရာရှိများကပြောဆိုခဲ့သည်။ တစ်ကမ္ဘာလုံးမှရရှိသော ဝင်ငွေအတွက် စပိန်အား အခွန်ပေးဆောင်ရန် ဥပဒေအရာရှိများက ဆန္ဒရှိနေသည်။
ပစ်နှင့် ကလေးနှစ်ယောက်ရရှိပြီးနောက် ရှာကီရာသည် ၂၀၁၅ ခုနှစ်တွင် စပိန်သို့ တရားဝင်ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
ရှာကီရာကို ရုံးတင်စစ်ဆေးရန် အထောက်အထားခိ်ုင်မာခြင်းရှိမရှိကို တရားသူကြီးတစ်ဦးက စစ်ဆေးနေပြီဖြစ်သည်။
မက်ဒေါနားနှင့် ယူတူးအဖွဲ့မှ ဘိုနိုတို့အပါအဝင် နာမည်ကျော်များပါဝင်သည့် အခွန်ရှောင်သူများစာရင်းကို ဖော်ပြထားသည့် ပါရာဒိုက်စ်မှတ်တမ်းများတွင် ရှာကီရာ၏အမည်လည်းပါဝင်နေသည်။
မှတ်တမ်းများကို ဂျာမန်နေ့စဉ်ထုတ်သတင်းစာ ဇုဒွိုက်ရှ် ဆိုက်တွန်းကရရှိခဲ့ပြီး စပိန်သတင်းဝက်ဘ်ဆိုက် အီလ်ကွန်ဖီဒန်ရှယ်က စုံစမ်းစစ်ဆေးခဲ့သည်။

















