ဘရာဇီး၌ လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့်စွပ်စွဲခံထားရသည့် ဘုရားကုဆရာကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

ဘရာဇီး၌ လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့်စွပ်စွဲခံထားရသည့် ဘုရားကုဆရာကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

ဘရာဇီးနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးရာပေါင်းများစွာတို့က လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် နာမည်ကျော် ဘုရားကုဆရာကို တရားရုံးက ဖမ်းဆီးမိန့်ထုတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီဖြစ်သည်။

ဘုရားကုဆရာ ဟိုယောက် တက်ဇီရာ ဒီ ဖာရီယာ၏လက်ထဲတွင် အနိုင်ကျင့်ခံခဲ့ရပါက ဘရာဇီးအာဏာပိုင်များကိုဆက်သွယ်ရန် ဘရာဇီးရှိ အမေရိကန်သံရုံးက တိုက်တွန်းချက်ထုတ်ပြန်ထားသည်။ ဒီဖာရီယာ၏လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ဂလိုဘိုရုပ်သံအစီအစဉ်တစ်ခုမှ တစ်ဆင့် လူများစွာတို့က လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ဘရာဇီးနိုင်ငံအလယ်ပိုင်းရှိ မြို့ငယ်လေးတစ်မြို့တွင် ဒီဖာရီယာသည် ဟိုယောက် ဒီ ဒီးယပ်စ်အမည်ဖြင့် ဘုရားကုဆရာအဖြစ် ဆယ်စုနှစ်လေးစုကြာ လုပ်ကိုင်စားသောက်ခဲ့သည်။ 
ဒီဖာရီယာသည် ကင်ဆာအပါအဝင် ရောဂါများအား စိတ်ဖြင့်ခွဲစိတ်ပေးနိုင်သူအဖြစ် နာမည်ကျော်ကြားခဲ့သည်။
    ဒီဖာရီယာ၏သမီး ဒယ်လ်ဗာ တက်ဇီရာအပါအဝင် လူ ၃၀ဝ ကျော်တို့က လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရကြောင်း အာဏာပိုင်များကို တိုင်ကြားခဲ့သည်။ ဘုရားကုကုသည်ဟုပြောဆိုပြီး ဖခင်ဖြစ်သူသည် ၎င်းအား လိင်ပိုင်းအနိ်ုင်ကျင့်ခဲ့ကြောင်း သမီးဖြစ်သူ တက်ဇီရာက ဘရာဇီးမဂ္ဂဇင်း ဗီဟာသို့ ပြောဆိုခဲ့သည်။
    လိင်ပိုင်းအနိုင်ကျင့်မှုများတွင် စုံစမ်းစစ်ဆေးမှုအရှိန်ရလာသည်နှင့်အမျှ အနိုင်ကျင့်ခံရကြောင်း ပြောဆိုသူ ပိုမိုများပြားလာလေ့ရှိကြောင်း ဒီဖာရီယာအမှုကိုစုံစမ်းစစ်ဆေးရန် တာဝန်ယူထားရသူများအနက် တစ်ဦးဖြစ်သည့် ဥပဒေအရာရှိ လူစီယာနို မီရန်ဒါ မိုင်ရဲလက်စ်ကပြောဆိုခဲ့သည်။
    ဒီဖာရီယာကို ကမ္ဘာတစ်ဝန်းရှိ လူများစွာတို့က ကိုးကွယ်ယုံကြည်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်သလို မီဒီယာလုပ်ငန်းရှင်လည်းဖြစ်သည့် အော်ပရာ ဝင်းဖရေးသည် ၎င်း၏ ရုပ်သံအစီအစဉ်အတွက် ဒီဖာရီယာ၏ကုခန်းသို့လာရောက်ခဲ့သည်။ ဒီဖာရီယာက အမျိုးသမီးတစ်ဦး၏ရင်သားကို မေ့ဆေးမပါဘဲ ခွဲစိတ်လိုက်ပုံကိုမြင်ရပြီးနောက် အံ့သြခဲ့သော်လည်း ငြိမ်းချမ်းမှုကိုတော့ ခံစားခဲ့ရကြောင်း အော်ပရာဝင်းဖရေးက ယင်းအချိန်က ရေးသားခဲ့သည်။
    ဒီဖာရီယာကို စွပ်စွဲသူများက ၎င်းတို့သည် ကလေးဘဝမှာပင် အနိုင်ကျင့်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ဘရာဇီး၌ လိင်ပိုင်းအနိုင်ကျင့်သူများ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံရခြင်းမရှိသည့် ဓလေ့လည်းရှိနေသည်။ ဘရာဇီးနိုင်ငံသူ ငါးသိန်းသည် နှစ်စဉ်လိင်ပိုင်းအနိုင်ကျင့်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ ဖော်ပြထားသည်။ 
အနိုင်ကျင့်ခံရကြောင်း တိုင်ကြားမှု ၁၀ ရာခိုင်နှုန်းသာ အာဏာပိုင်များလက်ထဲသို့ရောက်ရှိခဲ့ပြီး အနိုင်ကျင့်ခံရသူများအနက် ၇၀ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ကြသည်။