အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် နီကာရာဂွာရဲတပ်ဖွဲ့က အစိုးရမဟုတ်သော အဖွဲ့အစည်း( အင်န်ဂျီအို) ငါးခု၏ရုံးခန်းများနှင့် မီဒီယာအဖွဲ့အစည်းတစ်ခုတို့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဝင်ရောက်စီးနင်းခဲ့သည်။
နိုင်ငံသားများစွာ လမ်းမပေါ်ထွက် ဆန္ဒပြမှုများကြောင့် အစိုးရအဖွဲ့တည်ငြိမ်မှုပျက်ခဲ့သည့် ဧပြီမှစ၍ သမ္မတ ဒယ်နီယယ် အော်တဲဂါသည် အာဏာကိုပိုမိုချုပ်ကိုင်ခဲ့ပြီး အတိုက်အခံများကိုစနစ်တကျဖြင့် ဖြိုခွင်းလာခဲ့သည်။
ဒီဇင်ဘာ ၁၃ ရက်တွင် ရဲတပ်ဖွဲ့ဝင်များသည် နီကာရာဂွာလူ့အခွင့်အရေးဗဟိုဌာန၊ ဆဲဂိုဗီယာစ်ခေါင်းဆောင်မှုပညာအင်စတီကျု၊ ရစ်ဗားဖောင်ဒေးရှင်း၊ ဆက်သွယ်ရေးသုတေသနဗဟိုဌာနနှင့် စည်ပင်သာယာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့၏ရုံးခန်းများကို အတင်းဝင်ရောက်ပြီး စာရွက်စာတမ်းများနှင့် ကွန်ပျူတာများကို သယ်ဆောင်သွားခဲ့သည်။
ထို့ပြင်ရဲတပ်ဖွဲ့သည် သမ္မတဟောင်း ဗီယိုလဲတာ ဘာရီယိုစ် ဒီ ချာမောရို၏သား ကာလို့စ် ဖာနန်ဒို ချာမောရိုပိုင်ဆိုင်သော မီဒီယာအဖွဲ့ ကွန်ဖီဒန်ရှယ်၏ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့သည်။
ကာလို့စ် ဖာနန်ဒို ချာမောရိုသည် ဆက်သွယ်ရေးသုတေသနဗဟိုဌာန၏အကြီးအကဲလည်းဖြစ်သည်။
ဝင်ရောက်စီးနင်းခံရသည့် အင်န်ဂျီအိုများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းရန် အော်တဲဂါကို သစ္စာခံထားသည့် အမျိုးသားလွှတ်တော်အမတ်များက ယခုအပတ်အစောပိုင်းတွင် မဲခွဲဆုံးဖြတ်အတည်ပြုပြီးနောက် ယခုကဲ့သို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အော်တဲဂါကို ဖြုတ်ရန် ကြိုးပမ်းမှုကို ယင်းအဖွဲ့အစည်းများက ငွေကြေးထောက်ပံ့ခဲ့ကြောင်း အမတ်များကပြောဆိုခဲ့သည်။
ရုံးခန်းကို ရဲတပ်ဖွဲ့ဝင်များ အတင်းအကျပ်ဝင်ရောက်စီးနင်းနေပြီဖြစ်ကြောင်း လူ့အခွင့်အရေးဗဟိုဌာန၏အကြီးအကဲ ဗီလ်မာ နူနက်ဇ်က အခင်းဖြစ်ပွားသည့်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
နူနက်ဇ်၏ဌာနသည် လမ်းမပေါ်ထွက် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ၏ အကြမ်းဖက်မှုများကို မှတ်တမ်းတင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ မိသားစုဝင်များ ပျောက်ဆုံးနေခြင်းနှင့် ပြင်ပနှင့်ဆက်သွယ်ခွင့်မပေးဘဲ ချုပ်နှောင်ခံရခြင်းတို့နှင့်ပတ်သက်၍ အများပြည်သူသည် လူ့အခွင့်အရေးဌာနသို့ လာရောက်တိုင်ကြားခဲ့သဖြင့် မှတ်တမ်းများသိမ်းယူခံရမှုကြောင့် တိုင်ကြားခံရသူများအတွက် စိုးရိမ်စရာရှိလာပြီဖြစ်သည်။
ဆန္ဒပြမှုများအတွင်း လူ ၃၂၀ ခန့်သေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံများဆိုင်ရာလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

















