ဘားရက်အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် အတည်ပြုခဲ့သည့် ကုန်ကျစရိတ်သင့်တင့်ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ( အေစီအေ) သို့မဟုတ် အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုဥပဒေပါ အဓိကပုဒ်မတစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း တက္ကဆပ်ပြည်နယ်ရှိ ပြည်ထောင်စုတရားသူကြီးတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရသည် ယမန်နှစ်တွင် အေစီအေပါ ကျန်းမာရေးအာမခံမထားရှိသူများအား ပြစ်ဒဏ်ချမှတ်မည့် ပုဒ်မကို ဖျက်သိမ်းလိုက်မှုကြောင့် ဥပဒေသက်ရောက်မှုမရှိတော့ကြောင်း ပြည်နယ် ၂၀ ပါဝင်သည့် ညွှန့်ပေါင်းအဖွဲ့ကပြောဆိုခဲ့သည်။ တရားရုံး၏ဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုအတွက် သတင်းကောင်းကြီးဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုခဲ့သည်။
ဥပဒေနှင့်ပတ်သက်၍ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးရတော့မည်ဖြစ်သည်။ ငွေကြေးမတတ်နိုင်သည့် အမေရိကန်နိုင်ငံသားများအပါအဝင် နိုင်ငံသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ပေးရန်အတွက် အိုဘားမားအစိုးရသည် အဆိုပါဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သည်။
ယင်းဥပဒေကို ဖျက်သိမ်းနိုင်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်း ထရမ့်က ကြွေးကြော်ထားသည်။
လွှတ်တော်နှစ်ရပ်စလုံးတွင် ရီပတ်ဘလီကန်အမတ်များကြီးစိုးနေသော်လည်း အေစီအေမှာ ဆက်လက်သက်ရောက်နေဆဲဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ကွန်ဂရက်စ်သည် ကျန်းမာရေးစောင့်ရှောက်မှုအာမခံကိုမဝယ်ယူပါက အခွန်ပေးဆောင်ရမည်ဆိုသည့် ပုဒ်မကို ဖျက်သိမ်းခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကွန်ဂရက်စ်က အတည်ပြုခဲ့သည့် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအခွန်ဥပဒေကြောင့် ကျန်းမာရေးအာမခံဝယ်ယူရန်ပျက်ကွက်ခဲ့သူများအား အခွန်ကောက်ခံရမည်ဆိုသည့် အချက်သက်ရောက်မှုမရှိတော့ကြောင်း ဖို့ဝါ့သ်ရှိ အမေရိကန်ခရိုင်တရားသူကြီး ရီးဒ်အိုကွန်နာကဆုံးဖြတ်ခဲ့သည်။
လူတစ်ဦးတစ်ယောက်ချင်းစီက ကျန်းမာရေးအာမခံဝယ်ယူရမည်ဆိုသည့်အချက်သည် အေစီအေ၏အဓိကအချက်ဖြစ်ပြီး ယင်းအချက်မရှိတော့သောကြောင့် ဥပဒေတစ်ခုလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီတော့ကြောင်း တရားသူကြီး အိုကွန်နာက ပြောဆိုခဲ့သည်။
တရားရေးအရ ရင်ဆိုင်စရာများရှိနေသေးသောကြောင့် ဥပဒေသက်ရောက်နေဦးမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ပြောခွင့်ရှိသူ ဆာရာဆန်ဒါစ်ကပြောဆိုခဲ့သည်။
အေစီအေကို ဖျက်သိမ်းလိုက်ပါက အမေရိကန်နိုင်ငံသားသန်းပေါင်းများစွာ ထိခိုက်နစ်နာလိမ့်မည်ဖြစ်ကြောင်း ပြည်နယ်များစွာတို့က ပြောဆိုခဲ့သည်။

















