ဟွာဝေးဘဏ္ဍာရေးအကြီးအကဲဖမ်းဆီးခံရပြီးနောက် တရုတ်တို့ ဖမ်းဆီးခဲ့သည့်ကနေဒါနှစ်ဦးကို ပြန်လွှတ်ပေးရန် ပွမ်ပီယိုပြော

ဟွာဝေးဘဏ္ဍာရေးအကြီးအကဲဖမ်းဆီးခံရပြီးနောက် တရုတ်တို့ ဖမ်းဆီးခဲ့သည့်ကနေဒါနှစ်ဦးကို ပြန်လွှတ်ပေးရန် ပွမ်ပီယိုပြော

ကနေဒါတွင် ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ ဖမ်းဆီးခံရပြီးနောက် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် ကနေဒါ နိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးရန် တရုတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်းဆိုခဲ့သည်။

ပွမ်ပီယိုသည် ဒီဇင်ဘာ ၁၄ ရက်က ဝါရှင်တန်တွင် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့်အတူ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ခရစ္စတီယာ ဖရီးလန်းနှင့် တွေ့ဆုံပြီးနောက် ကနေဒါနှစ်ဦးကို တရုတ်တို့ဖမ်းဆီးခဲ့ခြင်းသည် ဥပဒေနှင့်မညီကြောင်း၊ ပြန်လွှတ်ပေးသင့်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။    
    အမေရိကန်ကဝရမ်းထုတ်ပြန်ထားသည့် ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို ဗန်ကူဗာမြို့တွင် ကနေဒါတို့က ဖမ်းဆီးခဲ့ခြင်းသည် နိုင်ငံရေးနှင့်မပတ်သက်ဟု ပွမ်ပီယိုနှင့်သဘောတူခဲ့ကြောင်း ဖရီးလန်းက ပြောဆိုခဲ့သည်။

တရုတ်နှင့်ကုန်သွယ်ရေးသဘောတူညီချက်ရရေး အထောက်အကူဖြစ်ရန် မန်ဝမ်ကျိုးကိစ္စတွင် ၄င်းပါဝင်စွက်ဖက်ကောင်း စွက်ဖက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ယခုအပတ်တွင်း ပြောဆိုခဲ့သည်။
    အီရန်အပေါ်ချမှတ်ထားသည့် ဆန်ရှင်ကို ချိုးဖောက်ရန် ဟွာဝေးသည် ဟောင်ကောင်၌ကိုယ်စားကုမ္ပဏီထောင် ရှောင်ကွင်းဆောင်ရွက်ခဲ့ပြီး ယင်းအတွက် မန်ဝမ်ကျိုးတွင်တာဝန်ရှိကြောင်း အမေရိကန်ကစွပ်စွဲလျက် ဝရမ်းထုတ်ပြန်ခဲ့သည်။ 
မန်ဝမ်ကျိုးဖမ်းဆီးခံရပြီးနောက်တွင် ဘေဂျင်းရောက် ကနေဒါသံတမန်ဟောင်းနှင့် အိုင်စီဂျီမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် မိုက်ကယ်ကိုဗစ်ဂ် အဖမ်းခံခဲ့ရသည်။ 
ယင်းနောက်တွင် နောက်ထပ်ကနေဒါနိုင်ငံသားတစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ် ဆပါဗာလည်း အဖမ်းခံခဲ့ရသည်။ 
    ၄င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းသည် မန်ဝမ်ကျိုးဖမ်းဆီးခံခဲ့ရခြင်းအတွက် လက်စားချေသည့် ဥပဒေပြင်ပလုပ်ရပ်များဖြစ်၍ ၄င်းတို့ကို ပြန်လွှတ်ပေးရန် အမေရိကန်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။