မြန်မာနိုင်ငံရှိ တိုင်းရင်းဆေးတက္ကသိုလ်၌ သုတေသနဌာနကြီးတစ်ခုကို တိုးချဲ့တည် ထောင်သွားရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့သည်။
အကြံဉာဏ်ရယူ
"သုတေသနလုပ်ငန်းမပါရှိဘဲ မည်သည့် လုပ်ငန်းမှ မတိုးတက်နိုင်သည့်အတွက် တိုင်းရင်း ဆေးတက္ကသိုလ်၌ သုတေသနလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်လိုအပ်ပြီး တိုင်းရင်း ဆေးတက္ကသိုလ်၌ သုတေသနဌာနကြီးတစ်ခု ကို တိုးချဲ့တည်ထောင်သွားရန် လိုအပ်ပါတယ်။ တိုင်းရင်းဆေးရုံများ၏စီမံအုပ်ချုပ်မှု ပိုမို ကောင်းမွန်လာရေးအတွက် တိုင်းရင်းဆေးရုံ စီမံအုပ်ချုပ်မှုသင်တန်းများ အမြန်ဆုံးဖွင့်လှစ် သင်ကြားနိုင်ရန် တိုင်းရင်းဆေးပညာဆိုင်ရာအကြံပေးအဖွဲ့၏ အကြံဉာဏ်ကို ရယူဆောင် ရွက်သွားမှာဖြစ်ပါတယ်"ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောဆိုသည်။
နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမတွင် ဒီဇင် ဘာ ၁၃ ရက်က ပြုလုပ်သည့် တိုင်းရင်းဆေး ပညာလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့ နှင့်တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကြိုးပမ်းဆောင်ရွက်
တိုင်းရင်းဆေးလောက တိုးတက်လာရေး သည် တိုင်းရင်းဆေးတက္ကသိုလ်မှ မွေးထုတ် သင်ကြားပေးလိုက်သော တိုင်းရင်းဆေးပညာ ရှင်များ၏ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားမှုအပေါ် အဓိကမူတည်နေသော ကြောင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးနည်း စနစ်နှင့် ဆရာများ၏ အရည်အသွေးတိုးတက် မြင့်မားရေး၊ ခေတ်မီစာကြည့်တိုက်ဖြစ်လာရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးပညာ အကြံပေးအဖွဲ့များအပါအဝင် သက်ဆိုင်သူ များနှင့်ဆွေးနွေးပြီး ပူးပေါင်းလက်တွဲဆောင် ရွက်သွားမည်ဖြစ်ကာ ယခင်ကျင်းပခဲ့သည့် တိုင်းရင်းဆေးညီလာခံများမှ အဆိုပြုချက်များ၊ အကြံပြုချက်များကိုလည်း လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမိုးဆွေက ပြောဆိုသည်။
အကြံပြုဆွေးနွေး
တိုင်းရင်းဆေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက် ရေး၊ မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံ အမြန်ဆုံး လည်ပတ်ထုတ်လုပ်နိုင်ရေး၊ သုတေသနလုပ် ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်း ဆေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် များ ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေးနှင့် ခန့်အပ်တာဝန်ပေးနိုင်ရေး၊ တိုင်းရင်းဆေး လောက ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ တိုင်းရင်းဆေးခန်းနှင့် ဆေးရုံများ ပိုမိုတိုးတက်လာစေရေး၊ ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ကာလတိုသင်တန်းများဖွင့်လှစ်ရေးနှင့် ပြည် ထောင်စု လွှတ်တော်မှအတည်ပြုလိုက်သော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေနှင့် သက်ဆိုင်သောနည်းဥပဒေကို စနစ်တကျ မှန်ကန်ပြည့်စုံစွာရေးဆွဲနိုင်ရေးတို့ကို တက် ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
















