ပိုလန်၌ ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံက ၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက် ပြင်ဆင်ရေး စည်းမျဉ်းသစ်များကို အတည်ပြုခဲ့ကြပြီး ၂၀၂၀ ခုနှစ်တွင် လက်တွေ့သဘောတူစာချုပ်ချုပ်ဆိုသွားရန် အာမခံခဲ့ကြသည်။
ပိုလန်တောင်ပိုင်း ကာတိုဝိုက်စ်မြို့တွင် နိုင်ငံ ၂၀ဝ နီးပါးခန့်မှ သံတမန်များနှင့် ဝန်ကြီးများ နှစ်ပတ်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်၌ စည်းမျည်းသစ်ကို သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်က ကမ္ဘာကြီးကိုအကျိုးဖြစ်စေမည်ဖြစ်ကြောင်း ညီလာခံကြီးကြပ်သူ ပိုလန်ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး မီကဲ ကတ်တာကာက ပြောဆိုခဲ့သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းကို ပွင့်လင်းမြင်သာစွာ တင်ပြရန်၊ ယင်းဓာတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာလျှော့ချရေး ဆောင်ရွက်ရန် တင်းကျပ်သည့် စည်းမျဉ်းဥပဒေများပြဌာန်းရေးကို ဆွေးနွေးခဲ့ကြသည်။
ညီလာခံသတ်မှတ်ရက် ကုန်ဆုံးသည့်တိုင်အောင် သဘောတူညီချက်မရရှိခဲ့ဘဲ ကိုယ်စားလှယ်များ၏ စုပေါင်းတိုက်တွန်းနှိုးဆော်မှုဖြင့် ပါရီသဘောတူညီချက်ကို မည်သို့မည်ပုံပြင်ဆင်အကောင်အထည်ဖော်ရန် ဆုံးဖြတ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
သိပ္ပံပညာရှင်များက အကယ်၍သာ ကမ္ဘာကြီးတွင် ၂၀၃၀ ပြည့်နှစ်အထိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့ ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို သိသိသာသာလျှော့ချနိုင်ခြင်းမရှိပါလျှင် ကမ္ဘာကြီးပိုမိုပူနွေးလာနိုင်ကြောင်း သတိပေးထားသည်။
သို့သော် ကာဗွန်ထုတ်လွှတ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချင်းချင်းအကြား စေ့စပ်ညှိနှိုင်းရန်၊ ကမ္ဘာကြီးပူနွေးလာမှု တားဆီးရေး ပိုမိုထိရောက်သည့် ဆောင်ရွက်မှုများပြုရေး ဆုံးဖြတ်ချက်ချမှတ်ရန်မူ ယခုညီလာခံက ဆိုင်းငံ့ထားခဲ့သည်။
နယူးယောက်တွင် စက်တင်ဘာက ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ဟန့်တားရေးကို ဆွေးနွေးရန် ရွေွှ့ဆိုင်းခဲ့ပြီးနောက် ယင်းအရေး အားထုတ်ဆောင်ရွက်ရန် ပြောဆိုမှုများ ကမ္ဘာတစ်ဝန်း ပိုုမိုမြင့်တက်လာခဲ့သည်။

















