မြောင်တောင်ယူနိုက်တက်တွင် ကစားသမားကောင်းများဖြင့် တွဲဖက်ကစားရမည်ကို ဂုဏ်ယူမိပြီး ထိုင်းပရီးမီယားလိဂ်ချန်ပီယံဖြစ်အောင် အကောင်းဆုံးကူညီသွားမည်ဟု မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက အသင်းနှင့် စာချုပ်ချုပ်ဆိုပွဲအပြီး၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂုဏ်ယူ
ထိုင်းပရီမီးလားလိဂ် အသင်းကြီးတစ်သင်းဖြစ်သည့် မြောင်တောင်ယူနိုက်တက်သည် ဒီဇင်ဘာ ၁၅ရက်က တိုက်စစ်မှူးအောင်သူကို နေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းထံမှ တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ကစားသမားမိတ်ဆက်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ထိုင်းမီဒီယာများ၏ မေးမြန်းမှုကို အောင်သူက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
" ထိုင်းလိဂ်ရဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့ မြောင်တောင်ယူနိုက်တက်မှာ ကစားခွင့်ရတဲ့အတွက် ဝမ်းသာမိသလို ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့်ရတော့မှာမို့လို့ ဂုဏ်ယူစရာပါ။ ကျွန်တော်စိန်ခေါ်မှုတွေကို ကြိုက်ပါတယ်။ မြောင်တောင်ယူနိုက်တက်ကို လာမယ့်ရာသီမှာ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးကူညီနိုင်မယ်လို့ ယုံကြည်ထားပါတယ်" ဟု အောင်သူက ပြောဆိုခဲ့သည်။
ကျောနံပါတ် ၉
မြောင်တောင်ယူနိုက်တက်တွင် ပြီးခဲ့သည့်ဆူဇူကီးဖလားပြိုင်ပွဲ၌ သွင်းဂိုး ၈ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုရခဲ့သည့် အက်ဒီဆစ်ခ်ကရာဆွန်လည်း ကစားလျက်ရှိပြီး ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၉ကို အောင်သူဝတ်ဆင်ခွင့်ရမည်ဖြစ်သည်။ ကရာဆွန်မှာ လာမည့်ရာသီ၌ ကျောနံပါတ် ၁၁ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။ မြောင်တောင်ယူနိုက်တက်သည် အောင်သူ၏ ခြေစွမ်းအပေါ်မူတည်ကာ အပြီးသတ်ခေါ်ယူရန် ကြိုးစားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူသည် ပြီးခဲ့သည့်ရာသီက ထိုင်းပရီမီးယားလိဂ်ကလပ် ပူးလ်လစ်တယ်ရိုအသင်းတွင် ပထမဆုံးအငှားသွားရောက် ကစားခဲ့ပြီး သွင်းဂိုး ၁၁ ဂိုးသွင်းယူပေးခဲ့သည်။















