အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး ရိုင်ယန်ဇင်ကီသည် ဒီဇင်ဘာလကုန်တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ပြီး နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရ၍ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၂ ရက်တွင် ဇင်ကီနုတ်ထွက်တော့မည်ကို သမ္မတဒေါ်နယ်ထရမ့်ကလည်း အတည်ပြုခဲ့ပြီး ဇင်ကီတာဝန်ထမ်းဆောင်ခဲ့မှု အပေါ် ချီးကျူးခဲ့ကာ ၄င်းနေရာတွင် အစားထိုးခန့်အပ်မည့်သူကို ရှေ့အပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထရမ့်၏ လူရင်းတစ်ဦးဖြစ်သူ အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီ နုတ်ထွက်ရန် ကြေညာပြီး တစ်ပတ်အကြာတွင် ဝန်ကြီးဇင်ကီနုတ်ထွက်မည့် သတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မွန်တားနားပြည်နယ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် ဇင်ကီသည် ၄င်း၏ ခရီးသွားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတို့သည် အကျိုးစီးပွားဆိုင်ရာ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ကြောင်း ဒီမိုကရက်တစ်များ၏ စွပ်စွဲခံခဲ့ရ၍ စုံစမ်းစစ်ဆေးမှု အချို့ ပြုလုပ်ခံခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုမြေယာများ၊ အမျိုးသားသဘာဝဥယာဉ်များကိုပါ ကြီးကြပ်ရသည့် ဝန်ကြီးဇင်ကီသည် အစိုးရပိုင်ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များကို အလွန်အကျွံသုံးစွဲစီးနင်းခဲ့၍ အကုန်အကျမြင့်တက်စေခဲ့ကြောင်း၊ ရုံးခန်းပြင်ဆင်စရိတ်ကိုလည်း ဒေါ်လာသိန်းချီ သုံးစွဲခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
နယူးယောက်တိုင်းမ်မဂ္ဂဇင်းက ဇင်ကီအား စုံစမ်းစစ်ဆေးရန် လမ်းညွှန်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
သတင်းစာက ဇန်ကီသည် အမေရိကန်ဇာတိဖွားကာစီနို ချဲ့ထွင်မှုကို ဆန့်ကျင်စည်းရုံးသူအုပ်စုနှင့် တွေ့ဆုံ စည်းဝေးပြီးနောက် ယင်းအုပ်စုအလိုကျ ဆောင်ရွက်ခဲ့ခြင်းဖြင့် သက်ဆိုင်ရာဥပဒေတစ်ရပ်ကို ချိုးဖောက်ဖွယ်ရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။
ဇင်ကီနုတ်ထွက်မည့်အပေါ် စိတ်ပျက်မိကြောင်း၊ ၄င်းသည် အနောက်နိုင်ငံများအတွက် အားကောင်းသည့်လက်တွဲဖော်တစ်ဦး ဖြစ်ကြောင်း ရီပတ်ဘလီကန် ဆီးနိတ်အမတ် လီဇာမာကော်စကီက ပြောဆိုခဲ့သည်။
ဇင်ကီသည် အမေရိကန်ပြည်ထောင်စုအတွင်း ရေနံတူးဖော်ရေးနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ခဲ့၍ ပတ်ဝန်းကျင်ရေးရာကန့်ကွက်မှုများလည်း ပြန်လည် မြင့်တက်လာစေခဲ့သည်။.

















