ဘရာဇီးသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံထားရသည့် ဟာယဲ ဘော်ဆိုနာရို၏အစိုးရသစ်သည် လိင်တူလက်ထပ်မှုကို ကန့်သတ်နိုင်ခြေရှိနေသောကြောင့် ဆော်ပေါလိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်တွင် လိင်တူစုံတွဲ ၄၀ ဦးသည် လက်ထပ်မင်္ဂလာပွဲကိုပြုလုပ်ခဲ့သည်။
ဘော်ဆိုနာရိုသည် လိင်တူချစ်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ပြောဆိုမှုများရှိခဲ့သောကြောင့် လိင်တူချစ်သူများ စိုးရိ်မ်နေကြခြင်းဖြစ်သည်။
လိင်တူချစ်သည့် သားတစ်ဦးကို ချစ်နိုင်မည်မဟုတ်ကြောင်း ဘော်ဆိုနာရိုက ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပလေးဘွိုင်းမဂ္ဂဇင်းနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။
လမ်းပေါ်တွင် အမျိုးသားနှစ်ဦး အကြင်နာပေးနေသည်ကို တွေ့ရှိပါက ၎င်းတို့ကို ရိုက်နှက်မိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ၂၀ဝ၂ ခုနှစ် မေတွင်လည်း ပြောဆိုခဲ့ဖူးသည်။
ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်း လူငယ်များကိုထောက်ပံ့မှုများပြုလုပ်နေသည့် ကာဆာဝမ်း အင်န်ဂျီအိုအဖွဲ့၏ရုံးခန်း၌ ဒီဇင်ဘာ ၁၅ ရက်တွင် လိင်တူစုံတွဲများ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံရေးအခြေအနေများကြောင့် လိင်တူလက်ထပ်ပွဲများကို အစောတလျင်လုပ်ဆောင်ရခြင်းဖြစ်ပြီး မင်္ဂလာပွဲများကျင်းပရန် ဒေါ်လာ ၁၂၀ဝ၀ ခန့်ကိုရရှိခဲ့ကြောင်း ကာဆာဝမ်းကပြောဆိုခဲ့သည်။ ခြိမ်းခြောက်ခံရမှုများရှိနေသည့်အတွက် ယခုကဲ့သို့ အမြန်ဆုံးလက်ထပ်ရခြင်းဖြစ်ကြောင်း အသက် ၃၇ နှစ်အရွယ် လျူနာ ဟန်ဆန်နှင့် အသက် ၂၉ နှစ်အရွယ် ဂလောက်စီယာ ဖီဂူရဲဒိုတို့ကပြောဆိုခဲ့သည်။
လိင်တူလက်ထပ်မှုသည် ဆက်လက်ဆွေးနွေးငြင်းခုန်စရာမလိုသည့် အခွင့်အရေးဖြစ်ကြောင်း အသက် ၅၄ နှစ်အရွယ် ဧဝံဂလိဘုန်းကြီး ဒမာရက်စ် အဲဗက်စ်ကပြောဆိုခဲ့သည်။
ဘရာဇီး၌ လိင်တူလက်ထပ်မှုသည် ၂၀၁၃ ခုနှစ် မေလကတည်းက တရားဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ဘော်ဆိုနာရိုသည် ဇန်နဝါရီ ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

















