ရုရှားလူငယ်များကြား အားပေးမှုမြင့်တက်လာနေသည့် ရက်ပ်ဂီတကို ပိတ်ပင်ခြင်းထက် ထိန်းချုပ်ရန် ယဉ်ကျေးမှုခေါင်းဆောင်များက နည်းလမ်းရှာသင့်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
ရက်ဂီတကိုတားမြစ်ရန် မဖြစ်နိုင်ပါက ရက်ဂီတကို ဦးဆောင်ပြီး လားရာကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ပူတင်က စိန့်ပီတာစဘတ်၌ ယဉ်ကျေးမှုခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
ရက်ပ်ဂီတသမားများ ဖျော်ဖြေလို့မရအောင် လုပ်ဆောင်ခြင်းသည် လိုလားသော အကျိုးဆက်နှင့်ဆန့်ကျင်သော အကျိုးဆက်များကိုရရှိလာမည်ဖြစ်ပြီး ၎င်းတို့၏လူကြိုက်များပိုမိုမြင့်မားသွားနိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ရက်ဂီတသည် လိင်၊ မူးယစ်ဆေးဝါးနှင့် ဆန့်ကျင်မှုတို့အပေါ် အခြေခံထားကြောင်း ပူတင်ကပြောဆိုခဲ့သည်။ သို့သော် ရက်ပ်ဂီတသီချင်းများတွင်ပါဝင်သည့် မူးယစ်ဆေးဝါးဆိုင်ရာအကြောင်းအရာများကြောင့် ပိုမိုစိုးရိမ်မိပြီး ယင်းသည် နိုင်ငံတစ်နိ်ုင်ငံ ပျက်သုန်းခြင်းသာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
မူးယစ်ဆေးသုံးရန် တိုက်တွန်းခြင်းသည် ကျိန်ဆဲခြင်းထက် ပိုဆိုးကြောင်း ပူတင်က ပြောဆိုခဲ့သည်။ လွန်ခဲ့သောလတွင် ရုရှားတောင်ပိုင်း ခရာစ်နောဒါ၌ ဖျော်ဖြေရန်စီစဉ်ထားသော်လည်း ခွင့်ပြုချက်မရသောကြောင့် မော်တော်ယာဉ်တစ်စီးပေါ်တွင်သာ ဖျော်ဖြေခဲ့သည့် ဟက်စ်ကီအမည်ရှိ ရက်ပ်ပါသည် ပိတ်ပင်ချက်ချိုးဖောက်မှုဖြင့် အဖမ်းခံခဲ့ရသည်။
ယူကျုရှိ ဟက်စ်ကီ၏ဗွီဒီယိုဖိ်ုင်များကို ဝင်ရောက်ကြည့်ရှုသူ ခြောက်သန်းကျော်ရှိနေသည်။
ရဲတပ်ဖွဲ့စခန်းမျိုးစုံ၏ဖိအားပေးမှုကြောင့် ဖျော်ဖြေပွဲနှစ်ပွဲကို ဖျက်သိမ်းခဲ့ရကြောင်း ရက်ပါ ဂွန်းဖလက်ဒ်က နိုဝင်ဘာ ၃၀ ရက်တွင်ပြောဆိုခဲ့သည်။ နာမည်ကျော် ဟစ်ဟော့အဆိုတော် Allj သည်လည်း အကြမ်းဖက်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် ယာကတ်စ်မြို့၌ ဖျော်ဖြေရန်စီစဉ်ထားခြင်းကို ဖျက်သိမ်းခဲ့သည်။

















