၂၀၂၅ ခုနှစ်မတိုင်ခင် နိုင်ငံပိုင် ရေနံလုပ်ငန်းများမှ ရေနံစိမ်း ထုတ်လုပ်မှုကို ၄၅ ရာခိုင်နှုန်း မြှင့်တင်မည်ဟု မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အိုဘရာဒါက ထုတ်ပြန်ပြောကြားလိုက်သည်။
အကျင့်ပျက်ခြစားမှုများ ထူပြောနေသော ရေနံလုပ်ငန်းကဏ္ဍကို သန့်ရှင်းရေးလုပ်ကာ ကယ်တင်မည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု သမ္မတ လိုပက်ဇ် အိုဘရာဒါက ပြောသည်။
နိုင်ငံပိုင် ပက်ထရိုလီယို မက္ကဆီကာနို (Pemex) ရေနံကုမ္ပဏီသည် လက်ရှိတွင် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၆၅ သန်း ထုတ်လုပ်နေရာမှ ၂၀၂၅ ခုနှစ်မတိုင်ခင် တစ်ရက်လျှင် ရေနံစည် ၂ ဒသမ ၄ သန်းထိ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း မက္ကဆီကို၏ ရေနံဗဟိုချက်ဒေသ ကလော်ဒက် ဒဲလ် ကာမန်းတွင် သမ္မတ လိုပက်ဇ် အိုဘရာဒါက ပြောကြားလိုက်ခြင်းဖြစ်သည်။
"ရေနံလည်း များများထွက်မယ်၊ ကုန်ကျစရိတ်လည်း နည်းမယ်ဆိုတဲ့ နေရာမျိုးတွေမှာ အဓိက လုပ်ကိုင်သွားပါမယ်"ဟု သမ္မတ လိုပက်ဇ် အိုဘရာဒါက ရေနံလုပ်သားများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
Pemex တွင် အစိုးရစုငွေများထဲမှ ဒေါ်လာ ၃ ဒသမ ၆၅ ဘီလျံ ရင်းနှီးမြှုပ်နှံသွားရန်ရှိကြောင်းလည်း သမ္မတ လိုပက်ဇ် အိုဘရာဒါက ပြောသည်။ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ပင်စင်စရိတ်ထောင်းခြင်း၊ အခွန်ကြီးလေးစွာ ဆောင်ရခြင်း၊ ရေနံများ ခိုးယူခံရခြင်း၊ လုပ်ငန်းပိုင်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ စည်းရုံးရန် ခက်ခဲလျက်ရှိသည်။
ယခုလို Pemex တွင် အစိုးရ ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံကာ ရေနံလုပ်ငန်းကဏ္ဍကို အရှိန်မြှင့်ရန် ကြိုးပမ်းခြင်းမှာ အကျင့်ပျက်ခြစားမှုများ ထူပြောနေသော ရေနံလုပ်ငန်းကို ကယ်တင်ရန်ဖြစ်ပြီး ၎င်း၏ အစီအစဉ်သည် လက်တွေ့ကျကျ စဉ်းစားထားသော အစီအစဉ်ဖြစ်ကြောင်း သမ္မတ လိုပက်ဇ် အိုဘရာဒါက က ပြောသည်။
Pemex ရုံးချုပ်ကိုလည်း မြို့တော် မက္ကဆီကို စီးတီးမှ ကလော်ဒက် ဒဲလ် ကာမန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်သည်။

















