နီကာရာဂွာရဲတပ်ဖွဲ့က သတင်းသမား ခုနစ်ဦးကို ရိုက်နှက်ခဲ့

နီကာရာဂွာရဲတပ်ဖွဲ့က သတင်းသမား ခုနစ်ဦးကို ရိုက်နှက်ခဲ့

အမှီအခိုကင်းသော မီဒီယာအဖွဲ့အစည်းတစ်ခု၏ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည့် သတင်းသမားများအနက် ခုနစ်ဦးကို နီကာရာဂွာရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ရိုက်နှက်မှုများပြုလုပ်ခဲ့သည်။

မကြာသေးမီရက်များအတွင်း ရဲတပ်ဖွဲ့သည် နာမည်ကျော် အယ်ဒီတာ ကာလို့စ် ဖာနန်ဒို ချာမောရို၏ရုံးခန်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတချို့ အသုံးပြုသော အဆောက်အအုံများကို စီးနင်းမှုများပြုလုပ်ခဲ့သည်။ 
ဒီဇင်ဘာ ၁၅ ရက်တွင် မြို့တော် မနာဂွာရှိ ရဲတပ်ဖွဲ့ရုံးချုပ်အပြင်ဘက်တွင် သတင်းသမားများစုဝေးခဲ့သည်။ ရုံးခန်းများကို တရားမဝင်စီးနင်းပြီး စာရွက်စာတမ်းများနှင့် ကွန်ပျူတာများကို သိမ်းဆည်းခဲ့သည့် အကြောင်းရင်းကို ချာမောရိုက မေးမြန်းခဲ့သည်။
    ယင်းသို့မေးမြန်းခဲ့ပြီးနောက် အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များထွက်လာကာ ချာမောရို၊ လုပ်ဖော်ကိုင်ဖက်များနှင့် သတင်းထောက်များကို ရိုက်နှိက်ခဲ့သည်။ 
နိုင်ငံတကာနှင့် ဒေသခံမီဒီယာမှ သတင်းသမားခုနစ်ဦး ရိုက်နှက်ခံခဲ့ရသည်။
    ရဲတပ်ဖွဲ့ဝင်များသည် သတင်းသမားများကို နောက်မှ လိုက်လံရိုက်နှက်ခဲ့ပြီး အာဏာသိမ်းရန် စီစဉ်သူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 
နိုင်ငံသားများစွာ လမ်းမပေါ်ထွက် ဆန္ဒပြမှုများကြောင့် အစိုးရအဖွဲ့တည်ငြိမ်မှုပျက်ခဲ့သည့် ဧပြီမှစ၍ သမ္မတ ဒယ်နီယယ် အော်တဲဂါသည် အာဏာကိုပိုမိုချုပ်ကိုင်ခဲ့ပြီး အတိုက်အခံများကိုစနစ်တကျဖြင့် ဖြိုခွင်းလာခဲ့သည်။ ဝင်ရောက်စီးနင်းခံရသည့် အင်န်ဂျီအိုများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းရန် အော်တဲဂါကိုသစ္စာခံထားသည့် အမျိုးသားလွှတ်တော်အမတ်များက ယခုအပတ်အစောပိုင်းတွင် မဲခွဲဆုံးဖြတ်အတည်ပြုပြီးနောက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 
အော်တဲဂါကို ဖြုတ်ရန် ကြိုးပမ်းမှုကို ယင်းအဖွဲ့အစည်းများက ငွေကြေးထောက်ပံ့ခဲ့ကြောင်း အမတ်များကပြောဆိုခဲ့သည်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူ ၃၂၀ ခန့်သေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။