ဆန္ဒပြအရပ်သားများ သေဆုံးမှုနှင့်ကန့်ကွက်သပိတ်မှောက်မှုဖြစ်ပွားပြီး ကက်ရှ်မီးယား လည်ပတ်မှု ရပ်ဆိုင်းနေ

ဆန္ဒပြအရပ်သားများ သေဆုံးမှုနှင့်ကန့်ကွက်သပိတ်မှောက်မှုဖြစ်ပွားပြီး ကက်ရှ်မီးယား လည်ပတ်မှု ရပ်ဆိုင်းနေ

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အရပ်သား ခုနစ်ဦး၊ လက်နက်ကိုင် လေးဦး သေဆုံးခဲ့ရသော ဆန္ဒပြပွဲ ဖြိုခွဲမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် လုံခြုံရေးအရ ပိတ်ဆို့ထားမှုများ၊ ခွဲထွက်ရေး လက်နက်ကိုင်များ ဦးဆောင်သော သပိတ်မှောက်မှုများကြောင့် ကက်ရှ်မီးယားသည် ဆိုင်များပိတ်၊ သွားလာမှုများ ရပ်ဆိုင်းကာ ယန္တရားလည်ပတ်မှု ရပ်ဆိုင်းလျက်ရှိသည်။ 
    ကက်ရှ်မီးယားဒေသတစ်ခွင် လက်နက်ကိုင် ရဲများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များလည်း ချထားလျက်ရှိပြီး၊ အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ အပြန်အလှန်  တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်မလာစေရန် ကြိုတင်ထိန်းသိမ်းလျက်ရှိကြောင်း တွေ့ရသည်။ 
လုံခြုံရေး ချထားသော နေရာများသာမက၊ ချမထားသော နေရာများတွင်ပါ ဈေးဆိုင်များလည်း ပိတ်ထားကြကြောင်း တွေ့ရသည်။ 
    သူပုန်သုံးဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့ရသော တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲ ဒီဇင်ဘာ ၁၅ က ဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့များက နှိမ်နင်းမှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး သုံးဒါဇင်ကျော်  ဒဏ်ရာရရှိခဲ့သည်။ 
လုံခြုံရေးတပ်ဖွဲ့များသည် လူအုပ်ထဲသို့တည့်တည့် ပစ်ခတ်သည်ဟု ဒေသခံများက ရှုတ်ချပြောကြားခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ အရပ်သားများ သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော် အရပ်သား ဆန္ဒပြသူများသည် အန္တရာယ်ရှိလောက်အောင်ကို နီးကပ်စွာ တိုးလာကြသောကြောင့် ခုခံပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြေရှင်းထားသည်။ 
    ခွဲထွက်ရေး လှုပ်ရှားသူများကမူ အရပ်သားများကို သတ်ဖြတ်ခြင်းသည် အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယား ကိုင်တွယ်ရေး မူဝါဒများအနက် ပါဝင်ကြောင်း၊ ကက်ရှ်မီးယားတွင် သေဆုံးသူများအတွက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးနေ့ ကျင်းပမည်ဖြစ်သလို၊ အများပြည်သူ သပိတ်မှောက်ကာ ကက်ရှ်မီးယား ယန္တရားလည်ပတ်မှုကို ရပ်ဆိုင်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။