ဓာတ်ငွေ့ပေါက်ကွဲမှုဟု သံသယရှိဖွယ် ပေါက်ကွဲမှုတစ်ခုကြောင့် ဂျပန်မြောက်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်နှင့် အိမ်ခြံမြေ ရုံးတစ်ရုံး မီးလောင်ပျက်စီးခဲ့ပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်ညက ဟော့ကိုင်းဒိုးကျွန်း၏မြို့တော် ဆက်ပိုရိုတွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် သစ်သားဖြင့်ဆောက်လုပ်ထားသည့်ဆိုင်နှင့် ရုံးခန်း အကြီးအကျယ် မီးလောင်ကျွမ်းခဲ့သည်။
ကြီးမားပြင်းထန်လှသည့် ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အအုံများ၏ မှန်ပြတင်းများလည်း ကွဲအက်ပျက်စီးခဲ့သည်။
ဒေသခံတချို့က ငလျင်လှုပ်ခတ်သည်ဟု ထင်မြင်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။
ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ဖွယ်မရှိဘဲ တစ်ဦးသာ ဒဏ်ရာပြင်းထန်သည်။
ပေါက်ကွဲရခြင်းအကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
အိမ်ခြံမြေရုံးအပြင်ဘက်နှင့် အနီးမှကော်ဖီဆိုင်အပြင်ဘက်တွင် ပရိုပိန်းဓာတ်ငွေ့ဗူးငါးဗူး ချထားသည်ကို ဓာတ်ငွေ့ဘေးကင်းရေးဌာနအရာရှိတစ်ဦးက သတိပြုမိကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ပေါက်ကွဲပြီးနောက် မီးလောင်မှုသည် ခြောက်နာရီနီးပါး ကြာမြင့်ခဲ့ပြီး မီးသတ်ယာဉ်အစီး ၂၀ ကျော်ဖြင့် မီးငြိမ်းသတ်နိ်ုင်ခဲ့ကြောင်းလည်း ဂျပန်သတင်းဌာနများက ဖော်ပြခဲ့သည်။

















